မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများက ၄င်းမြို့နယ်၏အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်နှင့် ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့က လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက မကွေးတိုင်းဒေသကြီး၏ အခြေအနေများကို ခြုံငုံသုံးသပ်ဆွေးနွေးခဲ့သည်။

ထို့နောက် ဗဟိုအတွင်းရေးမှူး မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးက ပြီးခဲ့သည့်ပါတီဗဟိုအလုပ်အမှု ဆောင် ညှိနှိုင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေး၏လမ်းညွှန်မှာကြားချက်များနှင့် အစည်းအဝေးဆွေးနွေး ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ဆောင်ရန်၊ ရှောင်ရန်များနှင့် သတိပြုဆောင်ရွက်ကြရမည့်အချက်အလက်များကို အသေးစိတ်ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ငါးခရိုင်နှင့် မြို့နယ် ၂၅ မြို့နယ်မှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။