ပြည်ခိုင်ဖြိုးပါတီသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီဝင်သစ် အင်အား ၄၀၀ ကျော် တစ်နေ့တည်း ဝင်ရောက်ခဲ့

စစ်တွေ၊ မေ ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ ပါတီဝင်သစ် အင်အား ၄ဝဝ ကျော်မှာ ယခုလ ၂၁ ရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

အဆိုပါမြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ ကျေးရွာသားများမှာ ပြည်ခိုင်ဖြိုးပါတီ ထဲသို့ အများအပြား ဝင်ရောက်လာမည်ဖြစ်သဖြင့် ပါတီဝင်စုပေါင်း အဆိုပြုလွှာပေးအပ်ပွဲများအား မကြာမီရက် ပိုင်းအတွင်း ပြုလုပ်သွားရန်ရှိနေကြောင်းလည်း သိရသည်။

”တိုင်းရင်းသား မျိုးနွယ်စုတွေဟာ ပြည်နယ်အတွင်းမှာ တရားဥပဒေအတွင်း အန္တရာယ်ကင်းရှင်းစွာ လူ့အခွင့်အရေး ချိုးဖောက်မှုမခံရအောင် နေထိုင်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ပါတီရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ ရခိုင်မျိုးနွယ်စုတွေဟာ အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာတွေကလည်း သင်ခန်းစာတစ်ရပ်ပါ။ အဲဒါကြောင့် ကျွန်တော်တို့ နယ်မြေဟာ နိုင်ငံတကာရဲ့ စီမံအုပ်ချုပ်မှုအောက်ကို ရောက်သွားပြီးတော့မှ နယ်မြေဆုံးရှုံးသွားခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရခိုင်ပြည်သူ ပြည်သားတွေရဲ့ဘဝက မတွေးဝံ့စရာ အနာဂတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါတွေကြောင့်မို့လို့ ကျွန်တော်တို့ပါတီ အနေနဲ့ အစိုးရကို တိုက်တွန်းတဲ့အလုပ်ကို အစဉ်တစိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ယခု ဝင်ရောက်လာကြတဲ့ ပါတီဝင်သစ်တွေကလည်း အဲဒီ အမျိုးသားရေးစိတ်ဓာတ်ကို အပြည့်အဝခံယူပြီးတော့မှ လုပ် ဆောင်ပေးဖို့ တိုက်တွန်းထားတာ တွေရှိပါတယ်” ဟု ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

ယခု ဝင်ရောက်လာကြသော ပါတီဝင်သစ်များမှာ ပါတီအပေါ်တွင် ယုံကြည်ချက်အစစ်အမှန်ဖြင့် ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပါတီဝင်သစ်များအား ပါတီ၏ မူဝါဒသဘောတရားများ၊ အမျိုးသားရေးအကျိုးစီးပွား အပေါ်မှာတွင် ပါတီ၏ခံယူချက်များ၊ မိမိတို့နယ်မြေ မပျောက်ပျက်ရေး၊ နိုင်ငံတကာက ဖိအားများ မိမိတို့နိုင်ငံကို ကျရောက်လျက်ရှိ ပြီးလွန်ဆန်လို့မရသည့် ဖိအားများအပေါ်မှာ မိမိတို့တိုင်းရင်းသား မျိုးနွယ်စုများမှ အမျိုးသားရေး အသိ စိတ်ဓာတ်ဖြင့် အတတ်နိုင်ဆုံး စုပေါင်းကာကွယ်စောင့်ရှောက်ရမည့် တာဝန်များရှိနေကြောင်း ရှင်းလင်း ပြောပြခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။

”ကျွန်မတို့ ရခိုင်လူမျိုးဆိုတာ အမျိုးဘာသာသာသနာကို အသက် ထက်တန်ဖိုးထားပါတယ်။ ဒီလို တန်ဖိုးထားရတဲ့ အမျိုးဘာသာသာသနာ ကွယ်ပျောက်သွားမှာကို ကျွန်မတို့ အကြောက်ဆုံးပါ။ အခု လက်ရှိအခြေအနေဟာဆိုရင် အမျိုး ဘာသာသာသနာတင်မက ကျွန်မတို့ရဲ့ နယ်မြေတွေပါ ဆုံးရှုံးသွားနိုင်တဲ့အခြေအနေကို ရောက်နေပြီ ဆိုတာကို ကျွန်မတို့ ကြားသိရပါတယ်။ ဒါကြောင့် ဒီပါတီဟာ အမျိုးဘာသာသာသနာအတွက်ရော နယ်မြေဆုံးရှုံးမှု မဖြစ်ပေါ်ရအောင်ရော အာမခံပေးနိုင်တဲ့ ပါတီဆိုတာကို ယုံကြည်လို့ ဒီပါတီကို ဒီနေ့မှာ ကျွန်မတို့ တစုတစည်း တည်း ဝင်ရောက်လာကြတာ ဖြစ်ပါတယ်” ဟု ပါတီဝင်သစ်ဖြစ်သူ မယဉ်ယဉ်မွန်က စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက် လာရခြင်း ရည်ရွယ်ချက်အားပြောခဲ့သည်။

အဆိုပါ ပါတီဝင်သစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအား စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် လည်းကောင်း၊ သံတွဲမြို့နယ် ကညင်ကုန်းကျေးရွာတွင် လည်းကောင်း၊ တောင်ကုတ်မြို့နယ် ပန်းထော်ကျွန်းဇုံ ဂျီဝကျေးရွာတွင် လည်းကောင်း၊ ဂွမြို့နယ် ကျိန္တလီမြို့ သဲကုန်းအုပ်စု ကိုင်းတောကွင်းကျေးရွာတွင် လည်းကောင်း ပြုလုပ်ခဲ့ကြရာ အဆိုပါကျေးရွာ အနီးအနားရွာများမှ ကျေးရွာသားများလည်း ပါတီဝင်အဖြစ်ဝင်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ယင်းကဲ့သို့ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်မှုအပြီးတွင် သက်ဆိုင်ရာ မြို့နယ်ပါတီတာဝန်ခံများနှင့် ဥက္ကဋ္ဌများက ပါတီဆိုင်းဘုတ်အသစ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။

နေချိုသွေး