နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက်များကို အမျိုးသား အောင်ပွဲနေ့ ချီတက်ပွဲတွင် ရုရှား ထုတ်ပြဖွယ်ရှိနေ

ရုရှား၏ အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက် အသစ်များကို ခင်းကျင်း ပြသဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီတို့ လက်နက်ချ အညံ့ခံခဲ့သည့် ၇၃ နှစ်ပြည့် အထိမ်းအမှတ်ကို မေလ ၉ ရက်တွင် မော်စကိုမြို့တော်ရှိ ရင်ပြင်နီ၌ ကျင်းပရန် ရုရှား အစိုးရက စီစဉ်ထားသည်။ ရုရှားတွင် သမ္မတ ဗလာဒီမာ ပူတင်၏ စတုတ္ထမြောက် သမ္မတသက်တမ်း တရားဝင် စတင် တာဝန်ယူပြီး ရက်ပိုင်းအတွင်း ကျင်းပမည့် စစ်ရေးပြ အခမ်းအနား၌ နိုင်ငံ၏ အဆင့်အမြင့်ဆုံး စစ်လက်နက်များကို အင်အားပြလိမ့်မည်ဟု မီဒီယာများက ဆိုသည်။

ယင်းချီတက်ပွဲတွင် ရုရှား၏ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များဖြစ်သော Sukhoi Su-57များ သရုပ်ပြ ပျံသန်းဖွယ် ရှိနေသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ် ပျံသန်းခဲ့သော အင်ဂျင် နှစ်လုံးတပ် ဂျက်တိုက်လေယာဉ်များသည် ယနေ့အချိန်ထိ ရုရှား စစ်တပ်တွင် တရားဝင် တာဝန် မထမ်းဆောင်နိုင်သေးချေ။ ယင်းတို့သည် အမေရိကန်၏ နာမည်ကျော် F-22 နှင့် F-35 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် တည်ဆောက်ထားသည်။

စစ်ရေးပြ အခမ်းအနားတွင် YARS တိုက်ချင်းပစ် ဒုံးကျည်များ၊ မျိုးဆက်သစ် Armata ချေမှုန်းရေး တင့်ကားများ၊ S-400 လေကြောင်းကာကွယ်ရေး ဒုံးကျည်များ၊ BUK မြေပြင်အခြေစိုက် ခွင်းဒုံးများကိုပါ တွေ့မြင်ရဖွယ် ရှိနေကြောင်း ရုရှားစစ်ဘက် တာဝန်ရှိသူများ၏ အဆိုကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

ရုရှား သမ္မတ ပူတင်သည် နိုင်ငံ၏ စစ်အင်အားကို ခေတ်အမီဆုံး မွမ်းမံ မြှင့်တင်မှုများ၊ နည်းပညာပိုင်း ဖြည့်တင်း ပေါင်းစပ်မှုများဖြင့် အသွင်ပြောင်းလဲ တည်ဆောက်သွားရန် ရည်မှန်းချက်ထား ကြိုးစားလျက် ရှိသည်။ ယခု စစ်ရေးပြ အခမ်းအနား အစီအစဉ်တွင် ရုရှား၏ လက်နက်သစ်များ ထုတ်ဖော် ခင်းကျင်း ပြသခြင်းက အမေရိကန်နှင့် NATO မဟာမိတ် အုပ်စုကို လိုလားသည့် အိမ်နီးချင်း နိုင်ငံများ အတွက်လည်း သတိပေး ခြိမ်းခြောက်သည့် သတင်းစကားတစ်ရပ် ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

Ref: CNN