MH 370 လေယာဉ်ပျောက်ရှာရင်း တွေ့ ခဲ့တဲ့ ရေအောက်သင်္ဘောပျက်နှစ်စီး

ပျောက်ဆုံးနေသော MH 370 လေယာဉ်ရှာဖွေစဉ်က တွေ့ရှိခဲ့တဲ့ သင်္ဘောပျက် နှစ်စီးဟာ ကျောက်မီးသွေးတွေ သယ်ဆောင်လာတဲ့ ၁၉ ရာစုက ကုန်တင်သင်္ဘောဖြစ်ပြီးလူပေါင်း ၃၀ အထိ လိုက်ပါလာပုံရတယ်လို့ မေလ ၃ ရက်နေ့မှာအတည်ပြုနိုင်ခဲ့ပါတယ်။

ခရီးသည်ပေါင်း ၂၃၉ ဦးနှင့်အတူ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းလာခဲ့တဲ့မလေးရှား လေကြောင်းလိုင်း လေယာဉ်တစ်စီးဖြစ်တဲ့ MH370 ဟာ ၂၀၁၄ ခုနှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။

ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် ထူးဆန်းစွာပင် အစအနပျောက်နေခဲ့တဲ့ ထိုလေယာဉ်ရှာဖွေရေးကို ယမန်နှစ် ဇန်န၀ါရီလက ရပ်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ သြစတြေးလျ ကတော့ ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်ခဲ့ရာ ရေအနက် ၃၉၀၀ မီတာမှာ သင်္ဘောပျက်နှစ်စီးတွေ့ခဲ့ပါတယ်။ ‘ သင်္ဘောနှစ်စီးလုံးဟာ ၁၉ ရာစု ကုန်တင်သင်္ဘောဖြစ်ပါတယ်။ တစ်စီးကတော့ သစ်သားသင်္ဘောဖြစ်ပြီး နောက်တစ်စီးကတော့ သံသင်္ဘောဖြစ်ပါတယ်။ နှစ်စီးလုံးမှာ ကျောက်မီးသွေးတွေ သယ်ဆောင်လာပါတယ်’ လို့ သြစတြေးလျ အနောက်ပိုင်းပြတိုက် ရဲ့ပင်လယ်ရေကြောင်း ဆိုင်ရာ ပြတိုက်မှူးရော့စ်အန်ဒါဆင် က ပြောပါတယ်။

ထိုခေတ်က ကုန်တင်သင်္ဘောတွေမှာ လူ ၁၅ ယောက်နဲ့ ၃၀ ကြားလိုက်ပါတတ်ပါတယ်။ သင်္ဘောနှစ်စီးလုံးမှာ ခရီးသည်ပိုတင်လာတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သစ်သားသင်္ဘောဟာ ၁၈၉၆ ခုနှစ်က စကော့တလန် ဂလက်ဂရိုးကနေ အယ်ဒလိတ်မြို့ကို ထွက်ခွာလာစဉ် ပျောက်ဆုံးသွားခဲ့တဲ့ W Gordon အမည်ရသင်္ဘော ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

သံသင်္ဘောကတော့ ၁၈၉၄ ခုနှစ်ကပျောက်ဆုံးခဲ့တဲ့ Kooringa သင်္ဘောလား ၊၁၈၉၇ ခုနှစ်က ပျောက်ဆုံးခဲ့တဲ့ Lake Ontario သဘောင်္လား ၊၁၈၈၃ ခုနှစ်ကပျောက်ဆုံးခဲ့တဲ့ West Ridge သင်္ဘောလား အသေအချာ မသိရပါဘူး။ သံသင်္ဘောဟာ ပေါက်ကွဲမှု တစ်ခုခုဖြစ်လို့ နစ်မြုပ်သွားတယ်လို့ယူဆရကြောင်း အန်ဒါဆင်က ပြောပါတယ်။

သင်္ဘောပျက်က ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းတွေထဲမှာ အရှည်ခြောက်မီတာရှိပြီး ထောင့်မှန်စတုဂံပုံ သတ္တုပစ္စည်း တစ်ခုကတော့ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး အဖိုးတန်းပစ္စည်း တစ်ခုခုဖြစ်နိုင်ခြေရှိတယ်လို့  ဆိုပါတယ်။

Ref: Channelnewasia