ဒီမောဆိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီနိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

 

ဒီမောဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဒီမောဆို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပသည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။
ယင်းနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဒီမောဆို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်ရခြင်းမှာ ပါတီ အနေဖြင့် ရေရှည်အကျိုးကိုမျှော်ပြီး အရည် အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များအား စဉ်ဆက်မပြတ် မွေးထုတ်နေခြင်းဖြစ်သည်။ သင်တန်းသားသင်တန်းသူများ၏ ပါတီရည်ရွယ် ချက်၊ ရည်မှန်းချက်များကို သင်တန်းမှ ပို့ချ သည့် သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်မှာ ပြန်လည်အသုံးပြုနိုင်ရေးအတွက်လေ့လာသင်ယူ ကြဖို့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ဟာ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို ချီတက် လာသည်မှာ ခုနစ်နှစ်တာ ကာလအတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် စစ်မှန်သော ငြိမ်းချမ်းရေးရယူရန်အတွက် ပြည်ထောင်စုအဆင့် NCA အဆင့် လက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ မိမိတို့ ပါတီအပေါ် ယုံကြည်မှုပိုမိုလာသည်ကို တွေ့မြင် ရမှာဖြစ်ပါကြောင်း၊ ပါတီဝင် လူငယ်မောင်မယ် များအနေဖြင့် ပကတိလက်ရှိအခြေအနေများကို ရှောင်လွှဲငြင်းပယ်၍မရဘဲ တိုင်းပြည်အတွက် ကျရောက်လာနိုင်တဲ့ မည်သည့်အတားအဆီး အနှောင့်အယှက်မဆို ကျရာအခန်းကဏ္ဍကနေ ဝိုင်းဝန်းတားဆီးဖြေရှင်းရမှာ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ပါတီရဲ့သမိုင်းကြောင်းကိုပြန်ကြည့် ပြီး အတိတ်ကသင်ခန်းစာများကို အားအဖြစ် မွေးပြီး ပါတီကို အစဉ်အမြဲရှင်သန်အောင် ဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ မိမိတို့ ပါတီဥက္ကဋ္ဌသည် တစ်နိုင်ငံလုံးသို့ သွားရောက် ပြီး စည်းရုံးနေသလို ရောက်ရှိတဲ့ဒေသတိုင်းမှာ ပါတီဝင်ထုရဲ့ထောက်ခံမှုများစွာ ရရှိနေတာကို လည်း တွေ့မြင်ရမှာဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌရဲ့ မိန့်မှာချက်များကို မိမိတို့ရဲ့လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူကျင့်သုံးကြဖို့အထူးမှာကြားလိုကြောင်း နှင့် သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းကိုအစမှပြီးစီးသည်အထိ တက်ရောက် ကြပြီး ပါတီက မျှော်မှန်းထားသော ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေးကိုလည်း မျက်ခြည်မပြတ် မိမိတို့ပတ်ဝန်းကျင်ကို လေ့လာ သင်ယူရင်း မိမိတို့ဒေသ ရပ်ရွာဖွံ့ဖြိုးအောင် အကျိုးပြုနိုင်သည့် ပါတီအဖွဲ့အစည်းကို မှန်ကန် စွာ ရွေးချယ်ဆုံးဖြတ်နိုင်ရန် ကြိုးစားပေးကြ ပါလို့ ပြောကြားသွားပါသည်။
နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီနာယက ဦးတောရယ်၊ ပြည်နယ် ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ဒီမောဆို မြို့နယ်တာဝန်ခံများ၊ မြို့နယ်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်း သူများ စုစုပေါင်းအင်အား ၅ဝ တက်ရောက်ပြီး ယင်းသင်တန်းတွင် သင်တန်း သားသင်တန်းသူ စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

မမောင်(ချိကယ်သူ)