ထိုင်းတွင် နှစ်ထပ်ဘတ်စ်ကား လျှိုထဲ ထိုးကျပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးသေဆုံး

Photo – Chiangrai Times

 

ထိုင်းနိုင်ငံတွင် နှစ်ထပ် ဘတ်စ်ကားတစ်စီး လျှိုထဲ ထိုးကျပြီး တိမ်းမှောက်မှုကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် ထိုင်းတွင် သီတင်းပတ် အနည်းငယ်အတွင်း မြန်မာ ရွှေ့ပြောင်း လုပ်သားများ အသက်ဆုံးရှုံး ရသည့် ဒုတိယမြောက် ယာဉ်မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်လာသည်။ ဧပြီ ၉ ရက် ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ မဲစောက်မြို့မှ ထွက်ခွာလာကာ ချာချိုယန်ဆာအိုသို့ ဦးတည်နေစဉ် ဘတ်စ်ကားက လမ်းချော်ပြီး လျှိုထဲ ကျသွားခြင်းဖြစ်သည်။ ချာချိုယန်ဆာအို သည် ဘန်ကောက်မြို့တော်အနီးရှိ စိုက်ပျိုးရေးဇုန်တစ်ခု ဖြစ်သည်။

“၆ ယောက် သေပါတယ်။ ဒဏ်ရာရသူ ၃၀ ရှိတယ်”ဟု ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကီဆာနာ ဖာတာနာချာရိုအန်က Reutersသို့ ပြောကြားခဲ့သည်။ ဘတ်စ်ကား၏ ယာဉ်မောင်းက ဘရိတ်ပေါက်သွားရာမှ ကားကို မထိန်းချုပ်နိုင်ဘဲ လမ်းချော်ထွက်သွားကြောင်း ရဲများထံ ထွက်ဆိုထားသည်။ ၎င်းကို ရဲတပ်ဖွဲ့က လူသေဆုံးစေသည့် အဆင်ခြင်မဲ့ မောင်းနှင်မှုဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် လကလည်း မြန်မာ ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် နှစ်ထပ် ဘတ်စ်ကားတစ်စီး ထိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၂၀ သေဆုံးခဲ့သည်။ 

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကောက်ခံပြီး မကြာသေးမီက ထုတ်ပြန်ခဲ့သော စာရင်းများအရ ကမ္ဘာ့နိုင်ငံ အားလုံးအနက် လစ်ဗျားပြီးလျင် ထိုင်းနိုင်ငံသည် လမ်းပေါ်မှ မတော်တဆမှုများကြောင့် ဒုတိယ သေနှုန်းအမြင့်ဆုံး အဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref: Reuters