YouTube ရုံးဌာနချုပ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

လော့စ်အိန်ဂျယ်လိစ်၊ ဧပြီ ၎

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုမျှဝေသည့်ဝက်ဘ်ဆိုက်ဖြစ်သော YouTube ၏ ရုံးဌာနချုပ်၌ အင်္ဂါနေ့တွင် သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ လူ ၁ဦးသေဆုံးခဲ့ကာ ၄ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘရူနိုမြို့ မှ ရဲတပ်ဖွဲ့က တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

ဆန်ဘရူနိုရဲတပ်ဖွဲ့မှ စခန်းမှူးကြီး အက်ဒ်ဘာဘာရီနီက သေဆုံးခဲ့သူမှာ YouTube ရုံးချုပ်အတွင်းရှိ ၀န်ထမ်း များကို သေနတ်နှင့်ပစ်ခတ်ခဲ့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် ထိုအမျိုးသမီးမှာ ပစ်ခတ်ပြီးမကြာမီတွင် သူ့ကိုယ်သူသတ်သေသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

သေနတ်ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နေ့လည် ၁၂း၄၆ နာရီ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို အာဏာပိုင်များက စေလွှတ်ခဲ့ကာ ရုံးဌာနချုပ်ဧရိယာ အတွင်းရှိ ၀န်ထမ်းရာပေါင်းများစွာကို ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

နေ့လည် ၁း၂၈ နာရီခန့်တွင် ဆန်ဘရူနိုရဲတပ်ဖွဲ့သည် ၄င်းတို့၏တွစ်တာ၌ “ကျနော်တို့ဟာ သေနတ်ပစ်ခတ်မှု ကိစ္စကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ YouTube ရုံးဌာနချုပ်ရှိရာ ချယ်ရီအိဗ်နဲ့ ဘေးဟေးလ်ဒရိုက်ဗ် နေရာ တစ်ဝိုက်ကို ရှောင်ရှားသွားကြ ပါ” ဟု ရေးသားခဲ့သည်။

အာဏာပိုင်များက ၄င်းတို့သည် စုံစမ်းစစ်ဆေးမှုများကို အပူတပြင်းလုပ်ဆောင်နေကြောင်းနှင့် သေနတ်ပစ်ခတ် သူ၏ ရည်ရွယ်ချက်ကိုမူ သိရှိရခြင်းမရှိသေးကြာင်း ပြောခဲ့ကြသည်။

တစ်ချိန်တည်းတွင် သမ္မတဒေါ်နယ်ထရမ့်က သူ၏ တရားဝင်တွစ်တာမှတဆင့် “ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘရူနိုမြို့က YouTube ရုံးချုပ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကသူတွေ ဘေးကင်းပါစေလို့ ဆုတောင်းပေးပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်ရှိနေတဲ့ ကယ်ဆယ်ရေး နဲ့ လုံခြုံရေးအဖွဲ့တွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့သည်။

“ကျနော်တို့ဟာ အစည်းအဝေးခန်းထဲမှာ ထိုင်နေခဲ့ကြတာဖြစ်ပြီး လူတွေအပြေးအလွှားဖြစ်နေတာကို တွေ့ခဲ့ရ ပါတယ်။ အစကတော့ ငလျင်လှုပ်တယ်လို့ ထင်နေခဲ့တာပါ” ဟု ၀န်ထမ်းတစ်ဦးဖြစ်သူ တော့ဒ်ရှာမန်းက တွစ်တာ၌ ရေးသားခဲ့သည်။ ဒါ့အပြင် အခြားဝန်ထမ်းတစ်ဦးဖြစ်သူ ဗာဒင်မ်လက်ဗ်ဆစ်ခ်ကလည်း “YouTube ရုံးချုပ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေနတ်ပစ်သံတွေကြားခဲ့ရပြီး ကျနော့်စားပွဲပေါ်မှာ ထိုင်နေတုန်း မှာ လူတွေပြေးလွှားနေတာကို တွေ့ခဲ့ရပါတယ်” ဟု တွစ်တာ၌ ပြောခဲ့သည်။

YouTube ကို ပိုင်ဆိုင်သော Google ကုမ္ပဏီက “ ကျနော်တို့ဟာ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက် နေပြီး လိုအပ်တဲ့အချက်အလက်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု တွစ်တာ၌ ကြေညာခဲ့သည်။

Mizzima