ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန်များအပေါ် တရုတ် အခွန်စည်းကြပ်မှု မြှင့်တင်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန် အချို့အပေါ် တရုတ်က အခွန်စည်းကြပ်မှုများ မြှင့်တင် သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

အမေရိကန် စားသောက်ကုန် အများစု ပါဝင်သည့် ကုန်ပစ္စည်း ၁၂၈ မျိုးအတွက် အခွန်စည်းကြပ်မှုကို ၂၅ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု တရုတ် အကောက်ခွန် အာဏာပိုင်များက အတည်ပြုခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က မတ်လအတွင်းတွင် သံမဏိနှင့် အလျူမီနီယမ် တင်သွင်းမှုများအတွက် အခွန်စည်းကြပ်မှုကို မြှင့်တင် သတမှတ်လိုက်သည့်နောက် တရုတ်က ယခုလို လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ စည်းကြပ်ခွန် မြှင့်တင်မှု စုစုပေါင်း တန်ဖိုးသည် ဒေါ်လာ ၃ ဘီလီယံစာမျှ ရှိကြောင်းလည်း သတင်းများက ဆိုသည်။ အစောပိုင်းတွင် တရုတ်က ၎င်းတို့အနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရန် မလိုလားဟု ပြောကြားခဲ့သော်လည်း စီးပွားရေးအရ ထိခိုက်နစ်နာမှုကိုလည်း ငြိမ်ခံနေမည် မဟုတ်ဟု သတိပေးခဲ့သည်။

အမေရိကန်၏ အခွန်စည်းကြပ်မှု အသစ်ကြောင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်ခြင်းကို ပြန်လည် ဘက်မျှစေရန် ယခုလို ကုန်သွယ်ခွန် အပြောင်းအလဲများ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်က ကြေညာသည်။

အမေရိကန်သည် နောက်ထပ်လည်း ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးကျသင့်မှု ရှိနိုင်သည့် အခွန်စည်းကြပ်မှု အသစ်များကို တရုတ် သွင်းကုန်များအပေါ် သတ်မှတ်ထားရှိသွားရန် ကြေညာထားပြီး ဖြစ်သည်။

ထရမ့်၏ အစိုးရက လက်ရှိ ကုန်သွယ်ခွန် သတ်မှတ်ချက်များသည် မျှတခြင်း မရှိဘဲ အမေရိကန် ကုမ္ပဏီများ အတွက် ထိခိုက်နစ်နာမှု ကြီးမားစေကြောင်း ဝေဖန်ခဲ့သည်။ တရုတ်က အမေရိကန် သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်ရာ၌ ဝက်သား၊ သစ်သီးနှင့် ဝိုင်အရက် တင်သွင်းသော လုပ်ငန်းများအပေါ် အဓိက ဦးတည်ထားကြောင်းလည်း သိရှိရသည်။

Ref: CNN