အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရမည်ဟု ရုရှားသမ္မတ ပူတင်ပြော

ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံအနေနဲ့ ကြိုလင့်နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရ လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ မတ်လ ၁၈ ရက်နေ့က ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာခဲ့ပြီး  မီဒီယာတွေနဲ့ မတွေ့ဆုံခင် မော်စကိုက သူရဲ့ မဲဆွယ်စည်းရုံးရေးဌာနတခုမှာ အဲဒီလို ပြောကြားခဲ့တာပါ။

“သိပ်ကိုခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေက ကျနော်တို့ရှေ့မှာ စောင့်ကြိုနေပါတယ်။ ဒါကို ပုံမှန်အတိုင်းဖြစ်အောင် ကျနော်တို့ ဖြေရှင်းရုံတင်မကပါဘူး။ ကျနော်တို့မိန့်ခွန်းထဲမှာ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သလိုပဲ ကျနော်တို့ ဖောက်ထွက်ဖို့လိုပါတယ်။ ဒါကို ကျနော်တို့ လုပ်နိုင်ပါတယ်။ ဒီအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တွေလည်း ကျနော်တို့မှာ ရှိပါတယ်။ ဒါက ကျနော်တို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒါကို လုပ်ဆောင်နေတုန်း မတူညီတဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာဆိုတာ အဖွဲ့အစည်းတချို့၊ လူတစုအတွက် မဖြစ်သင့်ပါဘူး။ တနိုင်ငံလုံးရဲ့ အကျိုးအတွက် ဖြစ်သင့်ပါတယ်” လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

အခုတကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ပူတင်ဟာ ၂၀၂၄ ခုနှစ် သူ့ရဲ့အသက် ၇၁ နှစ်ပြည့်တဲ့အထိ ရုရှားနိုင်ငံရေးမှာ အနှစ် ၂၀ ကျော် ကြီးစိုးနိုင်တော့မှာ ဖြစ်ပါတယ်။

(DVB)