ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲ မဲပေး

ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ဟွန်ဆန်က လွှတ်တော်ရွေးကောက်ပွဲအတွင်း မဲစာရွက်တစ်ခုကို ပြသနေစဉ် (Samrang Pring/REUTERS)

 

အတိုက်အခံအပေါ် နှိမ်နင်းပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏လက်ရှိအာဏာရပါတီက သိမ်းကျုံးအနိုင်ရရန် မျှော်မှန်းထား သည့် အထက်လွှတ်တော်ရွေး ကောက်ပွဲ၌ ဖေဖော်ဝါရီ ၂၅ ရက် တွင် မဲပေးခဲ့သည်။

အစိုးရတောင်းဆိုမှုကြောင့် နိုဝင်ဘာတွင် တရားရုံးတစ်ခုက ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ဖျက်သိမ်းအပြီး ထောင်နှင့်ချီသော ဒေသန္တရဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် ထက်ဝက်ခန့် မဲပေးခွင့် ရုပ်သိမ်းပြီးနောက် ယခုအထက်လွှတ်တော် ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းမကျကြောင်းနှင့် အတုအယောင် တစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံ CNRP ပါတီအဖွဲ့ဝင်များက ကင်ပွန်းတပ်ခဲ့သည်။

‘‘ဒီရွေးကောက်ပွဲက အရင်တုန်းကနဲ့ မတူပါဘူး။ ဘာလို့လဲဆိုတော့ အတိုက်အခံပါတီတစ်ခုမှ မပါလို့ပါ။ ဒါက ကျွန်တော့်ရဲ့ ပါတီအတွက်သာမက တိုင်းပြည်အတွက်ပါ သိပ်မကောင်းပါဘူး’’ ဟု လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) မှ ဒေသန္တရဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် သာဘန်သိုင်က ပြောသည်။

 ယခု ရွေးကောက်ပွဲကို CNRP က ရှုတ်ချခဲ့ပြီး ဒေသန္တရဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ် ၅,၀၆၂ဦးနှင့် ဥပဒေပြု အမတ်များ မဲပေးခွင့် ရုပ်သိမ်းခံရကြောင်း ပြောကြားသည်။

‘‘အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်တွေကို လက်မခံဖို့ ကုလသမဂ္ဂနဲ့ ကမ္ဘောဒီးယားနဲ့ ရင်းနှီးချစ်ကြည်တဲ့ နိုင်ငံအားလုံး ကို CNRP ပါတီက တောင်းဆိုပါ တယ်’’ဟု ထုတ်ပြန်ချက်တစ်ခု တွင် CNRP ပါတီက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း အတိုက်အခံများကို ဖိနှိပ်မှုနှင့် CNRPပါတီကို ဖျက်သိမ်းပြီးနောက် ယခုရွေးကောက်ပွဲသည် တရားဝင်ဒီမိုကရေစီနည်းကျ ကျင့်သုံးမှုဟု မယူဆနိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အဖွဲ့ဝင်များ ရှေ့နေအဖွဲ့ (APHR) ကပြောကြားသည်။  (7days)