ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် ဖင်လန်နိုင်ငံ ၂ နှစ်ဆက်တိုက် သတ်မှတ်ခံရ

ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ  ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းရေးကွန်ရက် (SDSN) အဖွဲ့က မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၁၉ ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ အစီရင်ခံစာမှာ ဖင်လန်နိုင်ငံကို ဖော်ပြခဲ့တာပါ။ ဖင်လန်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကလည်း ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ လူမှုဖူလုံရေး အထောက်အပံ့၊ လူတဦးချင်းစီရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန်ပမာဏ၊ လူမှုအသိုင်းအဝိုင်း ပံ့ပိုးမှု၊ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝ၊ လူမှုဝန်းကျင် လွတ်လပ်ခွင့်၊ စိတ်သဘောထားကြီးခြင်းနဲ့ အကျင့်ပျက်ခြစားမှု မရှိခြင်း စတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို အစဉ်လိုက် စာရင်းပြုစုထားတာပါ။

ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ နယူးဇီလန်၊ ကနေဒါနဲ့ သြစတြီးယားက ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ကမ္ဘာ့ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံတွေ စာရင်းမှာတော့ တောင်ဆူဒန်နိုင်ငံက နံပါတ်တစ် နေရာမှာ ရှိနေပြီး ဗဟိုအာဖရိက က နံပါတ်နှစ်၊ အာဖဂန်နစ္စတန်က နံပါတ်သုံး၊ တန်ဇန်းနီးယားက နံပါတ်လေးနဲ့ ရဝမ်ဒါက နံပါတ်ငါးနေရာမှာ ရပ်တည်နေကြပါတယ်။

(DVB)