တရုတ်စီးပွားရေး ကုမ္ပဏီများအား ပိတ်ဆို့မှုကို ရပ်တန့်ရန် အမေရိကန်ကို သတိပေး

ပေကျင်း ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံသည် ၄င်း၏ စီးပွားရေး လုပ်ငန်းများနှင့် ပုဂ္ဂိုလ်များအား ပိတ်ဆို့မှုများ လုပ်ဆောင်နေသည့် မှားယွင်းသော အပြုအမူများကို ချက်ချင်းရပ်တန့်ရန် အမေရိကန်အား စနေနေ့တွင်သတိ ပေးခဲ့ကြောင်း သိရသည်။
အမေရိကန်သည် ပြီးခဲ့သည့် သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံအား အကြီးအကျယ် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ပြီး ပိတ်ဆို့မှုများသည် ရေယာဉ် ၅၆ စင်း ၊ သင်္ဘောကုမ္ပဏီ များနှင့် ကုန်သွယ်ရေးလုပ်ငန်းစုများကို ပစ်မှတ်ထားခဲ့ပြီး ယင်းပိတ်ဆို့မှုများတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များလည်း ပါဝင်ခဲ့သည်။
အမေရိကန်က တရားစီရင်ပိုင်ခွင့်ကို စွဲကိုင်ကာ စီရင်ဆုံးဖြတ်နေမှုများ နှင့် ၄င်း၏ ပြည်တွင်းဥပဒေကို အခြေခံလျက် တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို တစ်ဖက် သတ်ဆန်စွာပိတ်ဆို့မှုများ လုပ်ဆောင် နေမှုကို တရုတ်နိုင်ငံက လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂမ်ရှောင် ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၄င်း၏တာဝန် ဝတ္တရားများကို ဖြည့်ဆည်းသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်ခဲ့ပြီး ကုလသမဂ္ဂ၏ အရေးယူ ဆောင်ရွက်ချက်များကို ချိုးဖောက်သည့် မည်သည့် အပြုအမူမျိုးတွင်မျှ တရုတ် ပြည်သူများနှင့် တရုတ်ကုမ္ပဏီများ အနေဖြင့် ပါဝင်ခွင့်ပြုလိမ့်မည် မဟုတ် ကြောင်း ဂမ်ရှောင်က ပြောကြားခဲ့သည်။

ဆင်ဟွာ