အမေရိကန်လေယာဉ်တင် စစ်သင်္ဘောတစ်စီး ဗီယက်နမ်နိုင်ငံသို့ မတ်လတွင် လာမည်

အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲပြီးကာလအတွင်း ပထမဆုံးအဖြစ် မတ်လတွင် အမေရိကန် လေယာဉ်တင် စစ်သင်္ဘော တစ်စီး ဗီယက်နမ်သို့ လာရောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ရက်တွင် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ လေယာဉ်တင်စစ် သင်္ဘောပို့ဆောင်ခြင်းက ဗီယက် နမ်စစ်ပွဲအဆုံးသတ်ပြီး နှစ်(၄၀) ကျော်ကြာပြီးနောက် ရန်ဘက် နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှု နက်ရှိုင်းခြင်းပြသသော လက္ခဏာဖြစ်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မ်မက်တစ်သည် ဗီယက်နမ်သို့ နှစ်ရက်ကြာ ခရီးစဉ်ရောက်ရှိနေစဉ် အဆိုပါ ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဂျင်မ်မက်တစ်သည် တရုတ်နိုင်ငံအရေး စိုးရိမ်မှုများနှင့် ပတ်သက်၍ ဗီယက်နမ်အစိုးရနှင့် ဆွေးနွေးရန် ဟနွိုင်းမြို့သို့ ရောက်ရှိလာသည်ဟု ခန့်မှန်းရသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ကျွန်းတုများ ဆောက်လုပ်ခြင်း အပါအဝင် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှု မြင့်တက်လာ၍ စိုးရိမ်စွာ စောင့်ကြည့်နေသော နိုင်ငံများက ဗီယက်နမ်သို့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ရောက်ရှိလာသဖြင့် ကြိုဆိုမည်ဟု မျှော်လင့်သည်။

တောင်တရုတ်ပင်လယ်ပြင်သည် အရှေ့မြောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ဆက်သွယ်သည့် အရေးပါသော ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည်။

—Ref: Reuters