ဆန်းချက်ဇ်ကြောင့် နေရာလုတိုက်ပွဲတွေ ပြင်းထန်လာမှာကို မော်ရင်ညို ပျော်ရွှင်

မန်ယူနည်းပြ မော်ရင်ညိုက ဆန်းချက်ဇ်ရဲ့တိုက်စစ်အရည်အသွေးကို မေးခွန်းထုတ်စရာ မလိုအပ်သလို၊ တိုက်စစ်အတွက် နေရာစုံမှာ ကစားနိုင်စွမ်း ရှိနေတာကြောင့် လူကာကူ၊ မာရှယ်၊ မာတာ၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်တို့အတွက် နေရာလုတိုက်ပွဲတွေ ပိုမိုပြင်းထာလာစေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မန်ယူဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သလို ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် အောင်မြင်မှု ရရှိရေးအတွက် အမြင့်ဆုံးမျှော်လင့်ချက်တွေ ရှိနေကြောင်း၊ ဒါကြောင့် ကစားသမားတွေအနေနဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြပြီး အသင်းအောင်မြင်မှု ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သတိပေးသွားခဲ့ပါတယ်။

ဆန်းချက်ဇ်ရောက် ရှိလာခြင်းကြောင့် နေရာလုတိုက်ပွဲတွေ ပြင်းထန်လာတာကိုလည်း ပျော်ရွှင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။ ဆန်းချက်ဇ်မှာလည်း ယိုဗေးလ်တောင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်လာဖို့ရှိနေပြီး မန်ယူအသင်းရဲ့ တောင့်တင်းတဲ့လူစာရင်းကို မြင်တွေ့ရမှာဖြစ်တယ်လို့လည်း မော်ရင်ညိုက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ညိုဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့် ချုပ်ဆိုသွားခဲ့ပါတယ်။ ဒီစာချုပ် သက်တမ်းကြောင့် မော်ရင်ညိုဟာ မန်ယူအသင်းမှာအနည်းဆုံး 2020 ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အသင်းကအခုလို စာချုပ်သက်တမ်းတိုးခဲ့တာက သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာ ဖြစ်တာကြောင့်လည်း ၀မ်းမြောက်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

 

-Ref; Sky Sports