နှစ်နိုင်ငံ ပူးပေါင်းပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း တောင်ကိုရီးယားသို့ ရောက်ရှိ

နှစ်နိုင်ငံ ပူးပေါင်း၍ အိုလံပစ် ပြိုင်ပွဲဝင်ရန်အတွက် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်းသည် တောင်ကိုရီးယားသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

၁၂ ဦး ပါဝင်သော အဖွဲ့သည် တရားဝင် ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့်အတူ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယား အမျိုးသမီး ဟော်ကီ လက်ရွေးစင်များနှင့် ပူးတွဲ လေ့ကျင့်ကြမည် ဖြစ်သည်။

တောင်ကိုရီးယားတွင် ကျင်းပမည့် ပြောင်ချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၌ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်း ယှဉ်ပြိုင်ရေး သဘောတူညီမှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ယခုအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ဆောင်းရာသီ အိုလံပစ်တွင် ကိုရီးယားအလံ တစ်ခုတည်း အောက်၌ အားကစားအသင်းတစ်ခု စေလွှတ် ယှဉ်ပြိုင်စေရန် သဘောတူခဲ့ကြသည်။

၂၀၁၈ နှစ်ဆန်းပိုင်းတွင် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန် ထဲထဲဝင်ဝင် အားထုတ် ကြိုးပမ်း လာမှုနှင့်အတူ မြောက်ကိုရီးယားက အိုလံပစ် ပြိုင်ပွဲဝင်ရန် တောင်ကိုရီးယား၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။

သို့သော် ကိုရီးယား နှစ်နိုင်ငံပေါင်း ဟော်ကီ တစ်သင်းတည်း ယှဉ်ပြိုင်စေမှုနှင့် ပတ်သက်၍မူ တောင်ကိုရီးယား ပရိသတ်များဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ယခုဆုံးဖြတ်ချက်ကြောင့် တောင်ကိုရီးယား အားကစား သမားများ အမှန်တကယ် ပြိုင်ပွဲဝင်ခွင့်ရမှု လျော့ပါးသွားမည်ဟု ထောက်ပြမှုများ ရှိနေကြောင်း သိရသည်။

နိုင်ငံတကာ အိုလံပစ် ကော်မတီက မြောက်ကိုရီးယား အားကစားအဖွဲ့ဝင် ၁၂ ဦးကို တောင်ကိုရီးယား၏ ၂၃ ဦး စာရင်းတွင် ပေါင်းစပ် ထည့်သွင်းခွင့်ပေးရန် သဘောတူညီထားသည်။

“နိုင်ငံရေးကိစ္စတွေပါ ဆက်နွှယ်နေတော့ ကျွန်မတို့ အသင်းအတွက် ပြဿနာတွေ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်မတို့ အသင်းထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိတယ် မဟုတ်လား”ဟု တောင်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း၏ နည်းပြဖြစ်သူ ဆာရာမာရေးက မှတ်ချက်ပေးခဲ့သည်။ ပြိုင်ပွဲ အချိန်ကပ်ပြီး လေ့ကျင့်ရေး အစီအစဉ်များ ပြောင်းသွားသည့်အတွက် အသင်းအနေဖြင့် အခက်အခဲများ ရှိလာကြောင်း သူမက ဝန်ခံခဲ့သည်။

ပြောင်ချန်း အိုလံပစ်သည် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်မည်ဖြစ်ပြီး မြောက်ကိုရီးယားဘက်က စုစုပေါင်း အားကစားသမား ၂၂ ဦးထိ စေလွှတ် ယှဉ်ပြိုင်စေမည်ဟု သိရသည်။ 

Ref: AFP