မာချာဒိုကို အနိုင်ယူရန် အချိန်ယူပြင်ဆင်ထားကြောင်း အောင်လအန်ဆန်ဆို

MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်မည့် ဘရာဇီးနိုင်ငံသား မာချာဒို နှင့်ပွဲတွင် အနိုင်ရရန် အချိန်ယူ ပြင်ဆင်ထားကြောင်း အောင်လ အန်ဆန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ရုံ(၁) သုဝဏ္ဏ၌ကျင်းပမည့် MMA(One Championship) ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒားမာချာဒို တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသား အောင်လ အန်ဆန်သည် လက်ရှိ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အပြင် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကိုပါရရှိရန် စိတ်အား ထက်သန်နေပြီး ချန်ပီယံခါးပတ် နှစ်ခုရရှိသည့် MMA ကစားသမားတစ်ဦးဖြစ်လာရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

‘‘မစ်ဒယ်ဝိတ်ရယ်၊ လိုက်ဟဲဗီးဝိတ်ရယ် နှစ်ခုစလုံးရဖို့ ကြိုးစားမယ်။ ဒီလိုမျိုးဘယ်သူမှ မလုပ်နိုင် သေးတဲ့အတွက် ကျွန်တော်ရ အောင် လုပ်မယ်။ ဒီပွဲအတွက်ဆို ပြီးတော့ ဖလော်ရီဒါကိုသွားပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ လူတွေနဲ့ လေ့ကျင့်ထားတယ်။ ကျွန်တော့်ရဲ့ သင်တန်းမှာရှိတဲ့ ကလေးတွေကိုတောင် သင်တန်း မသင်ပေးဘဲနဲ့ ဒီပွဲအတွက်ဆိုပြီး တောက်လျှောက်လေ့ကျင့်ခဲ့တယ်’’ဟု အောင်လအန်ဆန်က ပြောသည်။

MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို မူလက အသက် (၃၆)နှစ်ရှိ ဘရာဇီးနိုင်ငံသား ရော်ဂျာကရေ့စ်က ရရှိထားသော်လည်း လက်ရှိတွင် အသက်အရွယ်ကြောင့် MMA ကစား သမားဘဝမှ အနားယူခဲ့သည်။

မူလက အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာ ကွယ်ပွဲကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြိုင်ဘက် ကစားသမား အဆင်မပြေမှုကြောင့် လိုက်ဟဲဗီး ဝိတ်တန်း ချန်ပီယံလုပွဲ ထိုးသတ်ခြင်းဖြစ်ကြောင်း အောင်လအန် ဆန်က ဆိုသည်။

အလက်ဇန္ဒားမာချာဒိုသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၀ ပွဲကစား ရှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားသည်။ အောင်လ အန်ဆန်က MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲ ယှဉ်ပြိုင်ထားပြီး ၂၁ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။  (7days)