ဥရောပဒေသတစ်ဝန်း ကျောက်မီးသွေးမှုန်များကြောင့် တစ်နှစ်ကို လူပေါင်း ၂၃,၀၀၀ ခန့် သေကျေနေရဟု ဆို

Coal-dust

ဥရောပ သမဂ္ဂ (အီးယူ) ဒေသတွင်း ရှိနေသည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိနေသော ဖုန်မှုန့်များကြောင့် တစ်နှစ်ကို လူ့အသက်ပေါင်း ၂၃,၀၀၀ ခန့် ဆုံးရှုံးနေရလျက်ရှိသည်ဟု NGO အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူ့အဆုတ်တွင်းသို့ ၀င်ရောက်တတ်သော အဆိုပါ ဖုန်မှုန့်များ ကြောင့် ဒေသအတွင်းရှိ ကျန်းမာရေး ကဏ္ဍတွင်လည်း ယူရို ဘီလီယံပေါင်းများစွာကိုလည်း ကုန်ကျစေလျက် ရှိသည်။

အီးယူအုပ်စုဝင်နိုင်ငံများအနေဖြင့် ဒေသတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များဖြစ်သော လေနှင့် နေစွမ်းအင် ထုတ်လုပ်မှုပိုင်းဘက်သို့ ပြောင်းလဲအလေးထား လုပ်ဆောင်လာနေလျက်ရှိပင်သော်ငြားလည်း ဒေသတွင်း ကျောက်မီးသွေး မှတဆင့် စွမ်းအင်ထုတ်လုပ်မှုပိုင်းကို သိသိသာသာလျှော့ချနိုင်သေးခြင်းမရှိသေးပေ။

၂၀၁၄ ခုနှစ်က အီးယူဒေသအတွင်း ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၈ ရာခိုင်နှုန်းခန့်မှာ ကျောက်မီးသွေးကြောင့် ဖြစ်နေဆဲ ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင်လည်း ယင်း၏ လျှပ်စစ် ထုတ်လုပ်မှုများ၏  လေးပုံပုံတစ်ပုံခန့်ကို ကျောက်မီး သွေးမှတဆင့် ထုတ်လုပ်နေခဲ့ခြင်းဖြစ်သည်။

” ၂၀၁၃ ခုနှစ် ဒေသအတွင်းမှာရှိတဲ့ ဓါတ်အားပေးစက်ရုံပေါင်း ၂၅၇ ခုကနေ ထုတ်လွှတ်မှုတွေကြောင့် လူပေါင်း ၂၂,၉၀၀ လောက်ဟာ အရွယ်မတိုင်ခင် သေကျေခဲ့ရ ပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ အလားတူ ဒေသတစ်ဝန်း ကျောက်မီးသွေးသုံး စက်ရုံပေါင်း ၂၈၀ ထိ ရှိနေသည်ဟု သိရသည်။

ယင်းလေ့လာချက်ကို စွမ်းအင်ဆိုင်ရာ NGO အဖွဲ့အစည်းများဖြစ်သည့် the Health and Environment Alliance ၊ the WWF ၊ Climate Action Network Europe နဲ့ Sandbag အဖွဲ့များမှ သုတေသနပညာရှင်များ စုပေါင်း ပြုစုလေ့လာထားခဲ့ခြင်းဖြစ်သည်။

(ဘန်ကောက်ပို့စ်)


Leave a Reply