ဆော်ဒီတွင် ၂၄ နာရီအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး ခုနှစ်ဦးသေဆုံး

saudi-blast-data

ဇူလိုင် ၅ ။            ။ ဆော်ဒီ အာရေဗျနိုင်ငံတွင် ဇူလိုင်လ ၄ ရက်က အသေခံဗုံးဖောက်ခွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ဗုံးခွဲတိုက်ခိုက်သူ သုံးဦးအပါအ၀င် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၂၄ နာရီ အတွင်း နိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် ဗုံးခွဲတိုက်ခိုက်မှုသုံးခု ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ထားခြင်းမရှိသေးဘဲ ယင်းတို့ ထဲမှ Medina မြို့ရှိ ဗလီကျောင်းတစ်ခုတွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ ရပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းနိုင်ငံတွင် အစ္စလမ္မစ်နိုင်ငံတော်အုပ်စု (အိုင်အက်စ်) အဖွဲ့က ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းကတည်းက မကြာခဏဆိုသလို အသေခံဗုံးခွဲတိုက်ခိုက်ခြင်းများ၊ ပစ်ခတ်ခြင်းများကို လုပ်ဆောင်ထားသော်လည်း  ယခု တစ်နေ့တည်း နေရာသုံးခုတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တွင် တာဝန်ရှိကြောင်း ထုတ်ဖော်ထားခြင်း မရှိသေးပေ။

” Al-Masjid al-Nabawi ဗလီဆီကို သံသယရှိ လူတစ်ဦး ဦးတည်လာနေတာကို တွေ့ခဲ့လို့ လုံခြုံရေးတွေက တားဖို့ ကြိုးပမ်းခဲ့တာပါ၊ ဒါပေမယ့်လည်း သူ့အနား ရောက်တဲ့အခါမှာ ကိုယ်မှာပတ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲပစ်လိုက်လို့ တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ရတာပါ” ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန် ပြောကြား သွားသည်။

အခြား ပေါက်ကွဲမှုနှစ်ခုသည်လည်း အမေရိကန်ကောင်စစ်ဝန်ရုံး အနီးအနားနေရာနှင့် ရှီးအိုက်အများစုရှိရာ Qatif ဒေသတို့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

-Ref; CNA


Leave a Reply