မက်ဆီ၏ တစ်နှစ်လစာနှုန်းအတိုင်း ရယူရန် စီရော်နယ်ဒို တောင်းဆိုထား

ရီးယဲလ်အသင်းမှ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုသည် မိမိကိုစာချုပ် သက်တမ်းတိုးရန် အသင်းထံ တောင်းဆို ထားရာတွင် ဘာစီလိုနာနှင့် မက်ဆီတို့ မကြာသေးမီက ချုပ်ဆိုသော စာချုပ်သစ်တွင် မက်ဆီရရှိသည့် တစ်နှစ် လစာနှုန်း ပေါင် ၃၅ သန်းခွဲအတိုင်း တောင်းဆိုထားပြီး မပေးနိုင်ပါက အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု စပိန် Sport သတင်းစာက ဖော်ပြသည်။

စီရော်နယ်ဒိုသည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလက ရီးယဲလ်တွင် ၂ဝ၂၁ခုနှစ်အထိ ဆက်ရှိစေမည့် ငါးနှစ် စာချုပ် သက်တမ်းတိုးရာတွင် တစ်နှစ်ပေါင် ၁၈ ဒသမ ၆ သန်း သာရရှိပြီး ပြီးခဲ့သည့်ရာသီက နှစ်နှစ်ဆက် ချန်ပီယံလိဂ်ဖလား ရနိုင်ပြီးနောက် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က စာချုပ်သက်တမ်းတိုးပေးပြီး လစာတိုးပေးရန် ကတိပေးခဲ့သော်လည်း ယခုအထိ ပီရက်ဇ်ဘက်မှ လစာတိုးရန် တုံ့ဆိုင်းနေခြင်းကြောင့် စီရော်နယ်ဒိုက မက်ဆီ၏ လစာနှုန်းအတိုင်း မပေးလျှင် အသင်းမှ ထွက်ခွာခွင့် တောင်းထားသည်ဟု အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။

စီရော်နယ်ဒိုက ယခုရာသီတွင် ခြေစွမ်းပျောက်ဆုံးနေခြင်းမှာ ယင်းစာချုပ်သစ်ကိစ္စ ဘဝင်မကျနိုင်ခြင်းကြောင့် ဖြစ်ပြီး ၎င်းအနေဖြင့် အသင်းဟောင်း မန်ယူသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း စပိန်သတင်းစာများက ဖော်ပြနေ ကြသည်။

-Ref; Sky sports