ဘောလုံးလောကကိုလှုပ်ခတ်သွားစေသည့် မော်ရင်ညို၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိ

14454558_1245415752149239_231521425_n

မန်ယူနည်းပြမော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုများကို အစုံအလင် ထုတ်ဖော်ရေးသားထားသည့် Up Close and Personal အမည်ရ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ရာ ယင်းစာအုပ်တွင် ပါရှိသည့် အချို့သောအကြောင်းအရာများမှာ ဘောလုံးလောကကို လွန်စွာလှုပ်ခတ် သွားစေခဲ့ကြောင်း Daily Mail က ဖော်ပြ ထားသည်။

မော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် အဆင်မပြေဖြစ်ခဲ့ရမှုများ ကို အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်း ရေးသားထားကာ ပြင်ပတွင် ဆုံတွေ့ခဲ့ပါက အာစင်ဝင်းဂါး၏မျက်နှာကို စုတ်ပြဲ သွားသည်အထိ ရိုက်ပစ်ချင်သည်ဟု မော်ရင်ညိုက ရင့်သီးစွာပင် အသိပေးထားသည်။

မော်ရင်ညိုသည် ၎င်းမှာ လက်ရှိမန်ယူအသင်းခေါင်းဆောင်ရူနီ၏ အမာခံပရိသတ်ဖြစ်ကြောင်းလည်း ၀န်ခံထားကာ ရီးရဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်၌ ရူနီကို လက်မှတ်ရေးထိုးခေါ်ယူရန် ၎င်းအနေနှင့် အရူးအမူး ကြိုးပမ်းခဲ့ဖူးကြောင်း မော်ရင်ညိုက ဖွင့်ဟထားသေးသည်။မော်ရင်ညိုသည် ရူနီကို ၎င်းအနေနှင့် “လူဝလေး” ဟု အမည်ပြောင်ပေးထားကြောင်း စာအုပ်အတွင်း ရေးသား ဖော်ပြထားသည်။

မော်ရင်ညိုသည် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးများအနက်တွင် ဂျနဖီအန်နစ္စတန်ကို နှစ်ခြိုက်သဘောကျသူဖြစ်ကာ ဘရက်ပစ်အနေနှင့် ဂျနီဖာအန်နစ္စတန်ကို မည်သည့် အတွက် ပစ်ပယ်ခဲ့သည်ဆိုခြင်းကို လုံးဝနားမလည်နိုင်ကြောင်း လည်း ၎င်းက အသိပေးထားသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မော်ရင်ညို၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားထားကာ ဘောလုံးနှင့် သက်ဆိုင်သော အကြောင်းအချင်းအရာများကလွဲ၍ ပုဂ္ဂိုလ်ရေးဆန်သည့် ကိစ္စများကို ၎င်းအနေနှင့် စိတ်မ၀င်စားဟု အာစင်ဝင်းဂါးက မှတ်ချက်ပေးထားသည်။

မော်ရင်ညို၏ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် Up Close and Personal ကို ဘောလုံးအားကစားသတင်းထောက် တစ်ဦး ဖြစ်သည့် ရော့ဘ်ဘီယာဆလေက ရေးသားကာ Michael O’Mara Books Ltd က ပုံနှိပ်ထုတ်ဝေခဲ့ ခြင်းဖြစ်သည်။

Michael O’Mara Books Ltd သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စာအုပ်ကို တရားဝင် ဖြန့်ချိရောင်းချ သွားတော့ မည်ဖြစ်ပြီး လက်ရှိတွင် အွန်လိုင်း၌ စတင် ဖြန့်ချိနေပြီဖြစ်ကြောင်း Michael O’Mara Books Ltd က ထုတ်ပြန် ကြေညာထားသည်။ # The Voice


Leave a Reply