ယူအက်စ်အိုးပင်း မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် အင်္ဂလိပ်ကစားသမား ဖစ်ဇ်ပက်ထရစ် အနိုင်ရပြီး ကစားသမားဘဝ ပထမဆုံး PGA Tour ချန်ပီယံဆုနှင့် မေဂျာအောင်မြင်မှုရရှိ

၂၀၂၂ PGA Tour ရာသီအတွက် တတိယမြောက် မေဂျာဂေါ့ဖ်ပြိုင်ပွဲဖြစ်သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အင်္ဂလိပ်ကစားသမား မတ်ဖစ်ဇ်ပက်ထရစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝတစ် လျှောက် ပထမဆုံး PGA Tour ချန်ပီယံဆုနှင့် မေဂျာအောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

၁၂၂ ကြိမ်မြောက် ယူအက်စ်အိုးပင်းပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘရွတ်ကလင်းမြို့   The Country Club ဂေါ့ဖ်ကွင်း၌ ဇွန် ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည်။

ဂေါ့ဖ်အားကစားနည်း၏ ဒုတိယသက်တမ်းအရင့်ဆုံးမေဂျာပြိုင်ပွဲဖြစ်သည့် ယခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အသက် ၂၇ နှစ်အရွယ် အင်္ဂလိပ်ကစားသမား ဖစ်ဇ်ပက်ထရစ်က နာမည်ကြီး ကစားသမားများစွာကိုကျော်ဖြတ်၍ အနိုင်ရဗိုလ်စွဲခဲ့သည်။

ဖစ်ဇ်ပက်ထရစ်သည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက် ၇၀ ထက် နှစ် ချက်လျော့၍ ၆၈ ချက်၊ ဒုတိယနေ့တွင် သတ်မှတ်ရိုက်ချက်အတိုင်း ၇၀ ချက်၊ တတိယနေ့တွင် နှစ်ချက်လျော့၍ ၆၈ ချက်ရိုက်နိုင်ခဲ့သဖြင့် အမေရိကန်ကစားသမား ဇာလာတိုရစ်နှင့်အတူ ထိပ်ဆုံးနေရာ၌ ပူးတွဲဦးဆောင်ခွင့်ရခဲ့သည်။

နောက်ဆုံးနေ့တွင်လည်း ဖစ်ဇ်ပက် ထရစ်က ၆၈ ချက်ထပ်မံရိုက်နိုင်ခဲ့ပြီး စုစုပေါင်းရိုက်ချက် ၂၇၄ ချက်၊ လျှော့ရိုက်ချက်ခြောက်ချက်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဇာလာတိုရစ်မှာမူ ၆၉ ချက်သာ ရိုက်နိုင်ခဲ့သဖြင့် ၆၇ ချက်ရိုက်ခဲ့သည့် အမေရိကန်ကစားသမား စကော့တီရှက်ဖလာနှင့်အတူ လျှော့ရိုက်ချက်တစ်ချက်အကွာဖြင့် ပူးတွဲဒုတိယနေရာ ရပ်တည်ခဲ့ရသည်။

၎င်းတို့၏နောက်တွင် ဂျပန်ကစားသမား မတ်ဆုယာမာက (-၃) ဖြင့် စတုတ္ထ၊ မြောက်အိုင်ယာလန်ကစားသမား မက်အီရွိုင်းနှင့် အမေရိကန်ကစားသမား မိုရီကာဝါက (-၂) ဖြင့် ပူးတွဲပÍ္စမနေရာ ရပ်တည်ခဲ့သည်။

ပရိုသက်တမ်း ရှစ်နှစ်ရှိပြီဖြစ်သည့် ဖစ်ဇ်ပက်ထရစ်သည် PGA Tour ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ချန်ပီယံအောင်မြင်မှုရရှိခြင်းဖြစ်ပြီး ဆုကြေး ဒေါ်လာ ၃ ဒသမ ၁၅ သန်း ဆွတ်ခူးရရှိခဲ့သည်။

၎င်း၏ကက်ဒီဖြစ်သည့် ၀ါရင့်ကက်ဒီ ဘီလီဖော်စတာမှာလည်း ပထမဆုံးမေဂျာအောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။