ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး ဒဏ်ရာမသက်သာ၍ လေ့ကျင့်မှုရပ်နား

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ထားပေမယ့် ဒဏ်ရာမသက်သာသေးတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားလိုက်ရပါတယ်။

အန်ဒီမာရေးအနေနဲ့ ခရစ္စမတ်ကာလ မတိုင်ခင်မှာ သြစတြေးလျကို ကြိုတင်သွားရောက်ပြီး လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် တင်ပါးဒဏ်ရာ သက်သာလာခြင်း မရှိတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားထားရတာပါ။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူပါ။

၂၀၁၇ ခုနှစ်အတွင်း တဦးချင်းပြိုင်ပွဲ ၁၁ ပွဲနဲ့ နှစ်ယောက်တွဲပွဲစဉ် ၃ ပွဲပဲ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ပြောင်းလဲပြီးနောက်ပိုင်း  ပွဲအနည်းဆုံးဖြစ်ခဲ့ပါတယ်။

မာရေးအနေနဲ့ လာမယ့် ဇန်နဝါရီ ၁၅ ရက်မှာ စတင်မယ့် သြစတြေးလျအိုးပင်းမှာ နိုင်ခြေအဆင့် ၁၆ သတ်မှတ်ခံထားရပြီး ပြိုင်ပွဲမတိုင်ခင် ဒဏ်ရာသက်သာလာဖို့ မျှော်မှန်းထားပါတယ်။  (DVB)