ပြိုက်ဘက်ကို နှစ်ချီအတွင်း အလဲထိုးမယ်ဆိုတဲ့ အောင်လအန်ဆန်

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့သုဝဏ္ဏမိုးလုံလေလုံကွင်းမှာ ပြုလုပ်မယ့် Hero’s Dream ပြိုင်ပွဲမှာ ပြိုင်ဘက် ကစားသမား အလိန်းဂါလာနီကို ပွဲချိန် နှစ်ချီအတွင်းမှာ အလဲထိုးအနိုင်ယူသွားမယ်လို့ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်က ကြုံးဝါးလိုက်ပါတယ်။

ဒီနေ့ (အောက်တိုဘာ ၃၁ ) ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာမှာ ပြုလုပ်ခဲ့တဲ့ One Championship Hero’s Dream ပြိုင်ပွဲ OPEN WORKOUT အကြိုဟန်ရေးပြမိတ်ဆက်ပွဲမှာ အောင်လအန်ဆန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အလိန်းလိုမျိုးဟဲဗီးဝိတ်တွေနဲ့ ကျနော်အမြဲ လေ့ကျင့်နေလို့ အားလုံး စိုးရိမ်စရာမရှိအောင် ကျနော်ကြိုးစားထား ပါတယ်။ သူကအားရှိတယ်၊ ပထမအချီ၊ ဒုတိယအချီလောက်မှာသူအားပျော့လိမ့်မယ်။ အဲဒီအချိန်မှာ အနိုင်ရအောင်ကစားသွားမှာပါ”လို့ အောင်လအန်ဆန်က ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာကျင်းပမယ့် အဆိုပါပွဲမှာ အဓိက တွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နဲ့ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားတဲ့ ကင်မရွန်းနွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ MMA စည်းမျဉ်းနဲ့ ယှဉ်ပြိုင်မည့် ပွဲစဉ်နှစ်ပွဲပါဝင်မှာဖြစ်ကာ ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။