အိုင်အက်စ်လက်မှ လွတ်မြောက်လာသည့် မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့

အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ထောက်ခံသည့် တပ်ဖွဲ့များသည် နိုင်ငံအလယ်ပိုင်းရှိ ကွာယာတန်မြို့ကို ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ သိမ်းယူ ရရှိခဲ့သည်။ ဆီးရီးယား အစိုးရ သတင်းဌာနများက မြို့သိမ်းယူပြီး နောက်ဆက်တွဲ အခြေအနေများကို ထုတ်ပြန်ရာ၌ ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် အလောင်းပေါင်း ၇၀ နီးပါးကို တွေ့ရှိခဲ့ကြောင်း၊ နောက်ထပ်လည်း အရေအတွက် တိုးပွားလာနိုင်ကြောင်း ဖော်ပြသွားခဲ့သည်။အိုင်အက်စ် စစ်သွေးကြွများသည် ၎င်းတို့၏ ပိုင်နက် နယ်မြေများ ဆက်တိုက် လက်လွှတ် ဆုံးရှုံးနေသည့် နောက် ရက်စက်ကြမ်းတမ်းမှုများ ပိုမိုဆိုးရွားစွာ တုံ့ပြန်လာသည့် နောက်ထပ် သက်သေ အထောက်အထား တစ်ခုဟုလည်း ဆီးရီးယား စစ်တပ်က ထုတ်ပြန်သည်။

ဒမတ်စကက်မြို့တော် အရှေ့မြောက်ပိုင်းရှိ ကွာယာတန်တွင် အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းထိ ရုပ်အလောင်းပေါင်း ၆၇ ခုထက် မနည်းကို ဖော်ထုတ် တွေ့ရှိထားကြောင်း သိရသည်။ မြို့ခံအချို့က မည်သူမည်ဝါ ခွဲခြားနိုင်သော အလောင်းများ၏ အမည်ကို အွန်လိုင်းတွင် စာရင်းပြုစု ဖော်ပြထားသည်။

အစိုးရ တပ်များကို အားပေးအားမြှောက် ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်တို့က စွပ်စွဲကာ ယခုလို လူပေါင်း များစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ “အများစုကို ကျွန်တော် သိပါတယ်။ လယ်သမားတွေ၊ မီးပြင်ဆရာတွေ၊ ကျောင်းဆရာတွေပါ။ သူတို့ဖာသာ အေးအေးဆေးဆေး နေကြတဲ့ သူတွေပါ”ဟု မြို့ခံ တစ်ဦးဖြစ်သော အက်ဘ်ဒူလာ အက်ဘ်ဒူလ်ကာရင်မ်က ပြောကြားခဲ့သည်။

အိုင်အက်စ်အဖွဲ့သည် ၎င်းတို့၏ အရေးအပါဆုံး မဟာဗျူဟာ ခြေကုပ်စခန်း နှစ်ခုဖြစ်သည့် ရက္ကာနှင့် မိုဆူးလ် တို့ကို လက်လွှတ်လိုက်ရသည့်နောက် အကျပ်တည်းဆုံး အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ အမေရိကန် အထောက်အပံ့ ပေးထားသည့် ဆီးရီးယား သူပုန်တပ်များနှင့် ရုရှားအစိုးရ ကူညီနေသည့် ဆီးရီးယား စစ်တပ်တို့ကလည်း အိုင်အက်စ်များကို နှစ်ဖက်ညှပ် တိုက်ခိုက်လျက် ရှိသည်။

အိုင်အက်စ် လက်အောက် ကျရောက်ခဲ့သည့် မြို့အများစုနည်းတူ ကွာယာတန်သည်လည်း စစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရပြီး အပျက်အစီးများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။ ၂၀၁၁ တွင် ဆီးရီးယား ပြည်တွင်းစစ် အစပြုခဲ့သည့်နောက် ဒေသခံလူငယ်များက အစိုးရကို တော်လှန်ကာ မြို့ကို ထိန်းချုပ်ထားခဲ့ သည်။ ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင်မူ လက်နက်ကြီး ပစ်ကူများဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် အစိုးရတပ်များ ကြောင့် မြို့ခံ သူပုန်များ ဆုတ်ခွာခဲ့ရသည်။ ၂၀၁၅ တွင်မူ အိုင်အက်စ်တို့က ကွာယာတန်ကို သိမ်းယူခဲ့သလို ၁၅ ရာစုလက်ရာ ဝတ်ကျောင်းတစ်ခုကို ဗုံးခွဲ ဖျက်ဆီးခဲ့ပြီး မြို့ခံ ခရစ်ယာန် မြောက်မြားစွာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Ref: New York Times