နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးများ ၂၄ နာရီ တပ်လှန့်ထားမည့် စနစ်ကို အမေရိကန်လေတပ် ပြန်လည် အသက်သွင်း

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ၂၄ နာရီ နိုးနိုးကြားကြား အသင့်ပြင်ထားရန် အမေရိကန်စစ်ဘက်က စီစဉ်နေကြောင်း သိရသည်။

B-52 ဗုံးကြဲလေယာဉ်ကြီးများ သည် အချိန်တိုင်း အရေးပေါ်ပျံတက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် အသင့်အနေအထားဖြင့် ရှိနေမည့်သဘော ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အဆုံးသတ် သွားသည့် စစ်အေးကာလ နောက်ပိုင်းတွင် အမေရိကန် လေတပ်သည် ထိုကဲ့သို့ အသင့်ပြင်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိချေ။

လူဝီစီးယားနား ပြည်နယ်ရှိ ဘာ့ခ်စ်ဒေးလ် လေတပ်စခန်းတွင် B-52 လေယာဉ်ကြီးများ အရေးပေါ် ပျံတက် နိုင်ရန်အတွက် သတိပေးစနစ်များကို ပြန်လည်အဆင့်မြှင့် တပ်ဆင်လျက်ရှိသည်။ သို့သော် ထိုလုပ်ဆောင်မှု သည် မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် ခြိမ်းခြောက်မှုနှင့် ဆက်စပ်နေသည့် သဘော မျိုး လေတပ်က ဝန်မခံခဲ့ချေ။“အခြေအနေတိုင်းအတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုမျှသာ ဖြစ်ပါတယ်။ အကြောင်းရင်း တစ်ခုတည်းအတွက် တိတိကျကျ သတ်မှတ် ပြင်ဆင်ထား တယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဖြစ်ပျက် ပြောင်းလဲမှုတွေကို လက်တွေ့ကျကျ စောင့်ကြည့်ပြီး လိုအပ်တာ မှန်သမျှ ကြိုပြင်ထားရမှာ ကျွန်တော်တို့ တာဝန်ပါပဲ”ဟု လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂိုးလ်ဖိန်း က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက နျူကလီးယား ဒုံးကျည်များ ပိုင်ဆိုင်ရေးကို အင်တိုက်အားတိုက် ကြိုးစားလာသည့်နောက် အမေရိကန်က တုံ့ပြန်ပြင်ဆင်လာသည့် မဟာဗျူဟာ အခင်းအကျင်းများတွင် B-52များကို အသင့်အနေ အထား တပ်လှန့်ထားနိုင်ရေး အစီအမံသည် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဟန်ရှိသည်။ အဆိုပါ ပြင်ဆင် မှုသည် ရုရှား၏ လက်နက်အင်အား မြှင့်တင်တပ်ဆင်မှုကို တန်ပြန်မည့် အစီအစဉ် တစ်ရပ်အဖြစ်လည်း ရှုမြင် နိုင်သည်။ B-52များ၏ အရေးပေါ် တပ်လှန့်စနစ်ကို ဆယ်စုနှစ်နှင့်ချီ ရုပ်သိမ်းထားပြီးမှ ယခုလို ပြန်လည် တပ်ဆင်ရန် စီစဉ်နေခြင်းအပေါ် မေးခွန်းထုတ်ရာ၌ ဂိုးလ်ဖိန်းက တိတိကျကျ ဖြေဆိုရန် ခက်ခဲကြောင်း မှတ်ချက်ပေးခဲ့သည်။

“ကျွန်တော်တို့ ဘယ်သူ့အတွက် ပြင်ဆင်တာလဲ၊ ဘယ်လို သဘောသဘာဝမျိုး အကြောင်းကို ပြောဆိုနေတာ လဲ ဆိုတာက ဆုပ်ကိုင်ဖို့ ခက်ပါတယ်။ ကျွန်တော်တို့ရဲ့ အသင့်အနေအထား ပြင်ဆင်ထားမှုအပေါ် စောင့်ကြည့် နေတာမျိုးတွေလည်း ရှိနိုင်တယ်လေ”ဟု ၎င်းက ပြောကြားသွားသည်။ Boeing ကုမ္ပဏီထုတ် B-52များကို အမေရိကန် လေတပ်နှင့် အမေရိကန် အာကာသ အေဂျင်စီတို့တွင်သာ အသုံးပြုလျက် ရှိသည်။ ယင်း လေယာဉ်များကို ၁၉၅၅ ခုနှစ် ကတည်းက စတင်ထုတ်လုပ်ခဲ့သော်လည်း ခေတ်အဆက်ဆက် မွမ်းမံ အဆင့်မြှင့်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့တိုင် လေတပ်၏ အရေးအကြီးဆုံး စစ်လက်နက်များ စာရင်းတွင် ပါဝင်လျက် ရှိသည်။

Ref: Washington Post