ကိုရီးယား ကျွန်းဆွယ်အနီးထိ ချဉ်းကပ်ပြီး အမေရိကန် လေယာဉ်တင်သင်္ဘော ကင်းလှည့်

မြောက်ကိုရီးယားကို အင်အားပြသည့် အနေဖြင့် အမေရိကန်၏ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ကိုရီးယား ကျွန်းဆွယ်အနီးတွင် ခုတ်မောင်း ကင်းလှည့်ခဲ့ကြောင်း သိရသည်။

အာရှတိုက်တွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်သော USS Ronald Reaganသည် မြောက်ကိုရီးယား ကမ်းခြေမှ မိုင် ၁၀၀ မျှ အကွာတွင် ဖြတ်သန်း ခုတ်မောင်းခဲ့သည်။

USS Ronald Reaganပေါ်တွင် အမှုထမ်း ၅၀၀၀ ခန့်နှင့် တိုက်ပွဲဝင်ရန် အသင့်အနေအထား လေ့ကျင့် ပြင်ဆင်ထားသည့် F-18 Super Hornet ဂျက်တိုက်လေယာဉ် အစီး ၉၀ တို့ ပါရှိခဲ့သည်။ အဆိုပါ လေယာဉ်တင် သင်္ဘောကြီးသည် အခြံအရံ ရေယာဉ်အုပ်စု၊ တောင်ကိုရီးယား ရေတပ်တို့နှင့် ပူးပေါင်းကာ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါမှ ဂျပန်ပင်လယ်ထိ ဖြန့်ကျက်၍ စစ်ရေးလေ့ကျင့်မှု များလည်း ပြုလုပ်ခဲ့သည်။

“မြောက်ကိုရီးယားရဲ့ အန္တရာယ် ပေးနိုင်စွမ်းနဲ့ ရန်လိုဆိုးသွမ်းတဲ့ စရိုက်တွေကို တစ်ကမ္ဘာလုံးက စိုးရိမ် နေပါတယ်။ ကျွန်တော်တို့ဟာ ဒီစစ်ရေးလေ့ကျင့်မှုကို အဓိပ္ပါယ်ရှိရှိ လုပ်ဆောင်နေတာပါ။ အမေရိကန်က မဟာမိတ် တောင်ကိုရီးယားကို အကာအကွယ်ပေးဖို့ အသင့်ရှိနေပါတယ်”ဟု USS Ronald Reagan ဦးဆောင် သည့် မဟာဗျူဟာ တိုက်ရေယာဉ်အုပ်စု အကြီးအကဲဖြစ်သူ နောက်တန်း သေနာပတိ မက်ဒယ်လ်တန်က ပြောကြားခဲ့သည်။

ကိုရီးယား ကျွန်းဆွယ်တွင် အဆိုပါ လေယာဉ်တင် သင်္ဘောကြီးကို အခိုင်အမာ ဖြန့်ကျက်ထားခြင်းမှာ မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုများကို အမေရိကန်က တင်းတင်းမာမာ တုံ့ပြန်မှု၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ အမေရိကန်သည် B1-B မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများကဲ့သို့ ခေတ်အမီဆုံး စစ်လက်နက်များဖြင့်လည်း မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြခဲ့သည်။

၎င်းတို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် တောင်ကိုရီးယားနှင့် အမေရိကန် စစ်သင်္ဘောများ စုဝေးနေခြင်းကို မြောက်ကိုရီးယားက အလွန်အမင်း ခံပြင်း ဒေါသထွက်နေပြီး အမေရိကန်က ဦးဆောင်ကာ စစ်ပြင်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သလို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားရန် အသင့်ရှိနေကြောင်း ခြိမ်းခြောက် ကြေညာခဲ့သည်။

Ref: Reuters