အမေရိကန်အမဲသားများကို တရုတ်နိုင်ငံက ပြန်လည်တင်သွင်းခွင့်ပြု

၂၀၀၃ ခုနှစ်က စတင်ပြီး နွားရူးရောဂါကူးစက်မှု ကာကွယ်ရေး အကြောင်းပြချက်နဲ့ ၁၄ နှစ်ကြာ တင်သွင်းခွင့် ပိတ်ထားတဲ့ အမေရိကန် အမဲသားတွေကို ဇွန်လကနေစတင်ပြီး တရုတ်နိုင်ငံကို ပြန်လည်တင်သွင်းခွင့် ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ရက် ၁၀၀ စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အမေရိကန်အမဲသားတွေကို အခုလို ပြန်လည်တင်သွင်းခွင့် ပြုခဲ့တာပါ။

အမေရိကန်အမဲသားတွေဟာ ကောင်းမွန်တဲ့အရသာ ရှိရုံမကဘဲ ဈေးလည်း သက်သာတာကြောင့် တရုတ် ဈေးကွက်မှာ ရောင်းအားကောင်းတယ်လို့ သိရပါတယ်။ အခုလိုအခြေအနေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ထားပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေတဲ့ တရုတ်မွေးမြူရေးခြံပိုင်ရှင်တွေလည်း ရှိလာပါတယ်။

အမေရိကန်ရဲ့ အသားထုတ်လုပ်မှုက ပိုပြီး ခေတ်မီစနစ်ကျတာကြောင့် ဒေသတွင်းထွက်တဲ့ အမဲသားတွေထက် ဈေးနည်းပြီး မွေးမြူရေးခြံတွေကလည်း အမြောက်အမြား ထုတ်လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ လေ့လာ သူတွေ က ပြောပါတယ်။ တရုတ်နိုင်ငံမှာတော့ အမဲသားထုတ်လုပ်ရေးဟာ တပိုင်တနိုင် မွေးမြူရေးခြံတွေသာ များတာကြောင့် မွေးမြူရေးကုန်ကျစရိတ်ကြီးတဲ့အတွက် အမဲသား ဈေးကြီးနေတာပါ။

တရုတ်နိုင်ငံက မွေးမြူရေးလုပ်ငန်းရှင်တွေကလည်း ဈေးကွက်အပြောင်းအလဲမှာ အမီလိုက်နိုင်ဖို့ ရောင်းချပုံ နည်းလမ်း ကအစ ပြောင်းနေကြရပါတယ်။ ဒေသထွက်ကုန် အမဲသားတွေကို ဈေးကြီးပေး ဝယ်စားနိုင်တဲ့ လူတန်းစားကို ဦးတည်ပြီး ရောင်းချနေကြရပါတယ်။

တရုတ်အစိုးရရဲ့ သွင်းကုန်ဥပဒေတွေက တင်းကျပ်တယ်ဆိုပေမယ့် အမေရိကန် မွေးမြူရေးကုမ္ပဏီတွေ အတွက်တော့ အလားအလာ အလွန်ကောင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

(DVB)