မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၀ ကျော်ထိ မြင့်တက်လာ

မက္ကဆီကိုတွင် လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၈.၁ အဆင့်ရှိ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်မှာ ၉၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မက္ကဆီကိုတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်သွားသည့် ငလျင်ကြီး၏ ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့် ဒေသတစ်ခုမှာ ဂျူချီတန်မြို့ ဖြစ်သည်။ မြို့၏ သုံးပုံတစ်ပုံမျှ နေအိမ် အဆောက်အအုံများမှာ မြေပေါ် ပြားပြားဝပ် ပြိုလဲသွားပြီး အခြား ထိခိုက်ပျက်စီးမှုများလည်း အများအပြား ဖြစ်ပေါ်ခဲ့သည်။

ငလျင်ကြောင့် သေဆုံးခဲ့သူ ၉၀ ကျော်အနက် ၄၀ ဝန်းကျင်သည် ယင်းမြို့မှ ဖြစ်သည်။ အော့ဆာကားပြည်နယ်နှင့် ချီယာပက်စ်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့များက ငလျင်ကြီးအတွင်း အဆောက်အအုံ ထောင်သာင်း ချီ ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အသီးသီး ထုတ်ပြန် ကြေညာကြသည်။

ငလျင်လှုပ်ခတ်ပြီး ရက်ပိုင်းမျှ ကြာပြီးသည်ထိ နောက်ဆက်တွဲ မြေလွှာတုန်ခါမှု ငလျင်ငယ်များ ဆက်လက် ဖြစ်ပေါ်နေရာ လူပေါင်း ထောင်သောင်းများစွာသည် နေအိမ်ထဲသို့ ပြန်ဝင်ရန်ပင် ကြောက်လန့်နေကြသည်။ ညဘက်တွင် လမ်းပေါ်၌ ထွက်အိပ်သူ အများအပြား ရှိနေကြောင်းလည်း သိရသည်။

လတ်တလောတွင် ကယ်ဆယ်ရေးများက အဆောက်အအုံ အစိတ်အပိုင်း အပျက်အစီးများအောက် ပိတ်မိနေ သည့် အသက်ရှင် ကျန်ရစ်သူများနှင့် ရုပ်အလောင်းများကို ရှာဖွေနေကြသည်။ သို့သော် နောက်ဆက်တွဲ ငလျင်ငယ်များ၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများ၊ စွမ်းအင် ပြတ်တောက်မှုများက ကယ်ဆယ်ရေး ကဏ္ဍတွင် အခက်အခဲများ ကြုံနေစေသည်။

ထို့အပြင် ဆေးရုံများပါ ထိခိုက်ပျက်စီးသဖြင့် ဒဏ်ရာရသူများကို စောင့်ရှောက်ကုသမှု ပေးရာတွင်လည်း ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်း သတင်းများက ဖော်ပြသွားသည်။

Ref: Express