သံတမန်ဆက်ဆံရေးထက် ပိုလွန်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ထိန်းသိမ်း အားဖြည့်သွားမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပြော

 

တရုတ်ပြည်သူ့  သမ္မတနိုင်ငံအား သံတမန်ဆက်ဆံရေးထက် ပိုလွန်သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထိန်းသိမ်း အားဖြည့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်      ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့  ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့  ပါတီ အနေနဲ့ သော်လည်းကောင်း၊ ပြည်ထောင်စု သမ္မတ နိုင်ငံသူ နိုင်ငံသားများ အနေနဲ့ သော်လည်းကောင်း တရုတ်ပြည်သူ့  သမ္မတနိုင်ငံနဲ့  ဆက်ဆံရာမှာ သံတမန်ဆက်ဆံရေး ထက် ပိုလွန်တဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်း အားဖြည့် သွားဖို့  ဆန္ဒ ရှိကြပါတယ်” ဟု ယနေ့ ညနေ ပိုင်း ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ ၏ တရုတ်ဘာသာစကား သင်တန်း ဆင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်းဖြစ် သည်။

ပြီးခဲံသည့် ခြောက်လတာ ကျင်းပခဲ့သည့် ယခု သင်တန်းအပါအ၀င် နောင် ထပ်မံ ဖွင့်လှစ်မည့် သင်တန်းများက မွေးထုတ်လိုက်မည့် တရုတ်ဘာသာ စကား ကျွမ်းကျင် တတ်မြောက်သူများ သည် တရုတ် – မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးတွင် ထိရောက်သည့် ပေါင်းကူး ဆက်ဆံ သူများ၊ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်သူများ ဖြစ်လာကြမှာ ဖြစ် ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့ အပြင် “ဒီနေ့  ကမ္ဘာမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာ စတဲ့ မျက်နှာစာ ပေါင်းစုံမှာ ထိပ်တန်းကို ရောက်နေတဲ့ နိုင်ငံကြီးတစ်ခုရဲ့ ဘာသာစကားဟာ မကြာခင် ကမ္ဘာကို လွှမ်း   မယ်ဆိုတဲ့ အချက်ကို မျက်ကွယ် ပြုလို့ မရသလို တရုတ်ဘာသာစကား တတ်ကျွမ်းထားခြင်းဟာ လည်း နှစ်ဦး နှစ်ဘက် အပြန်အလှန် အကျိုးရှိစေမယ့် ကိစ္စတစ်ရပ်အဖြစ် နားလည် လက်ခံရမှာဖြစ်ပါတယ်” ဟုလည်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌက ပြောခဲ့ သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့  ကြွရောက်ချီးမြှင့်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန်က “တရုတ် သံရုံးအနေနဲ့  ပြည်ခိုင်ဖြိုး ပါတီနဲ့  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး တရုတ်ဘာသာစကား သင်တန်းများ ဆက်လက် ဖွင့်ပေးသွားပါမယ်၊ တရုတ်ဘာသာစကား သင်ယူခြင်းဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ တရုတ် နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်လာပြီး တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းလာစေမယ်လို့  ယုံကြည်ပါ တယ်” ဟုပြောခဲ့သည်။

နှစ်နိုင်ငံအားကစား၊နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍ အသီးသီး တို့ တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို နက်ရှိုင်း တိုးပွားလာသည့် အလျောက် မြန်မာ နိုင်ငံတွင် တရုတ် ဘာသာ စကား သင်ယူမှု ပိုပြီး ခေတ်စားလာကြောင်း၊ ယခု သင်တန်း အပြင် တရုတ်နိုင်ငံ သံရုံးသည် မြန်မာဘက်က တောင်းဆိုချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့ တွင် တရုတ်ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပေးခဲံ့သည့်အပြင် သက်ဆိုင်ရာ ထူးချွန်သင်တန်း သား သင်တန်းသူများကိုလည်း ပညာတော်သင်ဆု ပေးအပ်၍ တရုတ်နိုင်ငံ သို့  ပညာတော်သင် စေလွှတ်ခဲ့ကြောင်း၊ လက်ရှိတွင် ရန်ကုန်နှင့် မန္တလေး ရှိ တက္ကသိုလ် အချို့ တို့ ၌ တရုတ်ဘာသာစကား သင်ခန်းစာများ ထည့်
သွင်း လာကြောင်း၊ ဘာသာစကား နှစ်မျိုး တတ်ကျွမ်း ထူးချွန်သူများသည် နှစ်နိုင်ငံ၏ ကဏ္ဍ အသီးသီး ကူးလူး ဆက်ဆံ ပူးပေါင်းဆောင်ရွက်ခြင်း အတွက် အဓိက အင်အားတစ်ရပ် ဖြစ်လာပြီး တရုတ် – မြန်မာ ချစ်ကြည် ရေး ခိုင်မြဲစွာ ဖွံ့ ဖြိုး တိုးတက်ရေးအတွက်လည်း ကြားခံ အင်အား ဖြစ်လာ မည်ဟု ယုံကြည်ပါကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲသို့  တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် သံရုံး အဖွဲ့ ဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သံအမတ်ကြီးနှင့် ပါတီ ဥက္ကဋ္ဌတို့ က ထူးချွန် သင်တန်းသူ / သားများအား ဆုချှီးမြှင့်ခြင်း၊ သင်တန်းသူ / သားများအတွက် ဘာသာစကား စာအုပ်များ ပေးအပ်ခြင်း၊ ဂုဏ်ပြု လက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်း၊ သင်တန်းသူ / သားများက ချစ်ကြည်ရေး သီချင်းဖြင့် လည်းကောင်း၊ ၀ူရှူး အကဖြင့် လည်းကောင်း သီဆို ကပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(Xinhua)