ကိုလံဘီယာ၏ အကြီးဆုံးမူးယစ်ဂိုဏ်းကြီး အညံ့ခံတော့မည်ဟု သမ္မတဆန်းတို့စ်ကြေညာ

ကိုလံဘီယာနိုင်ငံ၏ အင်အားအကြီးမားဆုံးဖြစ်သော မူးယစ်ဂိုဏ်းသည် မကြာမီတွင်ရဲလက်အပ်ကာ အညံ့ခံတော့မည်ဖြစ်ကြောင်း သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

သူ၏အစိုးရအဖွဲ့သည် ပြီးခဲ့သောတနင်္ဂနွေနေ့တွင် Gulf Clan မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး ထိုခေါင်းဆောင်က သူနှင့်သူ၏ဂိုဏ်းသားအားလုံးသည် တရားရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဟု ရှင်းရှင်း လင်းလင်း ပြောဆိုခဲ့ကြောင်း သမ္မတဆန်းတို့စ်က ထုတ်ဖော်ပြောကြားခဲ့သည်။

တရားရေးရာဝန်ကြီးအင်းနရစ်ဂေလ်နှင့် ရှေ့နေချုပ်နက်စတာမာတီနက်ဇ်တို့သည် ဂိုဏ်းခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ချင့်တွက်သွားမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဆန်းတို့စ်က ဘိုဂိုတာမြို့၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ သည်။

ကိုလံဘီယာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် လာမလည်မီငါးရက်အလိုနှင့် ပြောက်ကျားသူပုန်အဖွဲ့ဖြစ်သော အမျိုးသားလွတ်မြောက်ရေးစစ်တပ် (ELN) နှင့်အတူ တနင်္လာနေ့က အပစ်အခတ်ရပ်စဲပြီးနောက်တွင် ယခုလို နောက်ထပ်သတင်းကောင်းတစ်ခုကို ထပ်မံကြေညာနိုင်ခြင်းဖြစ်သည်။

ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ Gulf Clan မူးယစ်ဂိုဏ်းသည် ယခင်က အင်အား ၃၀၀၀ ကျော်ရှိသော်လည်း ဆန်းတို့စ်အစိုးရ၏ နှိမ်နင်းမှုများကြောင့် အင်အား ၁၈၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Gulf Clan ဂိုဏ်းကို ကိုလံဘီယာနိုင်ငံ၌ နှစ်ပေါင်း ၅၀ကျော်အောင် ကြုံတွေ့နေရသော ပဋိပက္ခများ ဖြစ်ပွားနေ သည့် အချိန်အတောအတွင်း၌ နိုင်ငံအတွင်းရှိ လက်ဝဲလက်နက်ကိုင် အုပ်စုများကို ဆန့်ကျင်သော လက်ယာဝါဒီ စစ်ပြိုင်စစ်တပ်၏ အဖွဲ့ဝင်ဟောင်းများက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

-Ref; AFP