အီရန်အစိုးရကို ဖြုတ်ချဖို့ ထရမ့် လုံးပမ်းနေလို့ သမ္မတ ရိုဟာနီ ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆

အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီမှုကနေ ထရမ့်အစိုးရက နုတ်ထွက်သွားပြီးမှ သဘောတူညီမှုသစ်ရဖို့ ဆွေးနွေးမယ် ဆိုမျိုးဟာ လက်သင့်ခံစရာ မရှိကြောင်း ပြောကြားရင်းနဲ့ ခုလို စွပ်စွဲပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ဒါဟာ စံနမူနာပြပါပဲ။ အမေရိကန်အစိုးရဟာ သူ ပြန်ဆွေးနွေးချင်တယ်ဆိုပြီး ဖိတ်ကြားတဲ့ အီရန်အစိုးရ ဖြုတ်ချခံရအောင် လုပ်နေတယ်ဆိုတာကို မဖုံးကွယ်ထားနိုင်ပါဘူး။”လို့ ရိုဟာနီက ပြောပါတယ်။

“တကယ်ပဲ ဆွေးနွေးချင်တယ်ဆိုရင် ဓာတ်ပုံအရိုက်ခံကြရုံ သက်သက်မဖြစ်ဖို့ဘဲ လိုတယ်။ ဒီညီလာခံမှာပဲ နှစ်ဖက်စလုံးက တစ်ယောက်ပြောစကား တစ်ယောက် နားထောင်နိုင်ရမှာ ဖြစ်တယ်။”လို့လည်း ၎င်းကဆိုပါတယ်။

“ကျွန်တော် ဒီနေရာကနေပြီးတော့ ဆွေးနွေးတာကို စပါမယ်။ ဒါကတော့ နိုင်ငံတကာလုံခြုံရေးဆိုတဲ့ မေးခွန်းဟာ အမေရိကန်ရဲ့ ပြည်တွင်းပေါ်လစီက ကစားစရာ မဟုတ်ဘူးဆိုတာကို တင်ပြဆွေးနွေးလိုက်ပါတယ်။”လို့ ရိုဟာနီက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ထရမ့်ကလည်း မိန့်ခွန်းပြောဆိုရာမှာ  အီရန်နိုင်ငံကို ကမ္ဘာ့အသိုင်းအ၀န်းက ဖယ်ကြဉ်ကြဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

-Ref: AFP