နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် တပ်ချုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (5th HLC Meeting) သို့ တက်ရောက်ရန် ဩဂုတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို မြန်မာနှင့်ထိုင်းနိုင်ငံတို့က အလှည့်ကျ အိမ်ရှင်အဖြစ် ၂၀၁၃ ကစ၍ ကျင်းပခြင်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယခုထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံရှိအစိုးရအဖွဲ့ အကြီးအကဲများနှင့် တပ်မတော်ခေါင်းဆောင်များအား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမည် ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုး ထွဋ်ဦးဆောင်သော အဖွဲ့ဝင်များသည် ဩဂုတ် ၂၄ ရက်ကတည်းက ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ဆောင်ရွက်နေ သည်ဟု သတင်းထုတ်ပြန်သည်။

၂၀၁၆ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိ ကြီးများအစည်းအဝေး သို့ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Surapong Suwana-Adth တက်ရောက်သည်။ ထိုစဉ်က နှစ်နိုင်ငံတပ်မတော် ခေါင်းဆောင်များ အကြား မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် အကြမ်း ဖက်မှုတားဆီးကာကွယ်ရေး ကိစ္စ ရပ်များ ဆွေးနွေးခဲ့သည်။