မောင်တောအခြေစိုက် နိုင်ငံတကာ အိုင်အန်ဂျီအို ၀န်ထမ်းများတိမ်းရှောင်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရုံးစိုက်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ အိုင်အန်ဂျီအိုတွေက တာဝန်ရှိသူတွေဟာ ဘူသီးတောင်မြို့ကနေ မနေ့ နေ့လယ် ၃ နာရီလောက်မှာ စစ်တွေမြို့ကို တိမ်းရှောင်ထွက်ခွာသွားကြပါတယ်။

UNHCR, WFP, UNICEF, ACF, NRC စတဲ့ အဖွဲ့တွေက ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၀၀ နီးပါးလောက် မော်တော်ဘုတ်တွေနဲ့ ထွက်ခွာသွားတာဖြစ်ပြီး ထွက်သွားရတဲ့ အကြောင်းရင်းကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။

သြဂုတ် ၂၆ ရက်က တောင်ဘဇာကျေးရွာကို အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမားတွေ ပိတ်ဆို့ဝိုင်းထားချိန်မှာ တချို့သော အိုင်အန်ဂျီအိုဝန်ထမ်းတွေ ပါဝင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့က အစိုးရဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပြည်သူ ၅၀၀ နီးပါးလည်း စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

ဒါ့အပြင် မောင်တောဒေသမှာ အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ ရာနဲ့ချီ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုကတော့ အဲဒီအကြမ်းဖက်မှုတွေဖြစ်နေတဲ့ ဒေသတွေမှာ လုံခြုံရေးပေးထားတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-ကိုအောင်