Shell က ပြည်တွင်း ကုမ္ပဏီများနှင့် ပေါင်း၍ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်

ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသော နယ်သာလန် နိုင်ငံအခြေစိုက် ကုမ္ပဏီ Shell က ပြည်တွင်းရှိ စက်သုံးဆီ ကုမ္ပဏီများနှင့် ပူးပေါင်း၍  စက်သုံးဆီ လက်လီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေ ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“လက်ရှိမှာ Max Energy ကုမ္ပဏီနဲ့ အလုပ်သဘောအရ ဆွေးနွေးနေတုန်းပါ။ တခြားနာမည်ကြီး စက်သုံးဆီ ဆိုင်တွေနဲ့လည်း ဆွေးနွေးနေပါတယ်။ အလုပ်သဘောတူစာချုပ် ချုပ်ဖြစ်ရင် ထုတ်ပြန်ပေးပါမယ်”ဟု Shell ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စွမ်းအင် လိုအပ်ချက်လည်း မြင့်မားလာနိုင်သည့် အတွက် Shell က စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မြန်မာအစိုးရကို အကူအညီများ ပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ပြည်တွင်း စက်သုံးဆီ ဈေးကွက်သည် နိုင်ငံတကာတွင် ဈေးတက်ချိန်၌ လိုက်ပါ မြင့်တက်လေ့ရှိပြီး ပြည်ပဈေး ပြန်လည်ဆင်းကျချိန်တွင် အတက်ဈေးဖြင့်ပင် ရောင်းချပြီး လိုက်ပါမကျဆင်းဘဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းမှာ စက်သုံးဆီ ဈေးကွက်ယှဉ်ပြိုင်မှု အားနည်းသောကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည့်အတွက် နိုင်ငံခြား လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု မတ်လ ၁၈ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားအပြီး စင်ကာပူနိုင်ငံအခြေစိုက် ရေနံကုမ္ပဏီ PUMA က မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် ပူးပေါင်း၍ စက်သုံးဆီဆိုင်များဖွင့်ရန် စီစဉ်သကဲ့သို့ ယခုအခါ Shell ကုမ္ပဏီကလည်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များနှင့် ပူးပေါင်း၍ စက်သုံးဆီ ရောင်းချရန် စီစဉ်လာခြင်း ဖြစ်သည်။

Shell ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အတွင်းက ဝင်ရောက်လာခြင်းဖြစ်ပြီး စက်ဆီ၊ ချောဆီများကို နှစ်စဉ်ပျမ်းမျှ လီတာ သန်းပေါင်း ၈၀ နီးပါး တင်သွင်း ရောင်းချလျက်ရှိသည်။

# The Voice