မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ တွေ့ဆုံနိုင်ရန် အစိုးရစီစဉ်

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို သီးခြားစီတွေ့ဆုံရန် အစိုးရက လုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် UWSA အပါအဝင် မြန်မာ-တရုတ် နယ်စပ်ရှိ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းကာ တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲအစိုးရနှင့် ကော်မတီတို့ တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည်။

‘‘ကျွန်တော်တို့သိတာ ‘ဝ’ နဲ့ မိုင်းလားနဲ့တွေ့ဖို့စီစဉ်တယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညှိနှိုင်းနေတယ်။ မြောက်ပိုင်း သုံးဖွဲ့ တွေ့ဖို့ညှိနှိုင်းတယ်။ ကေအိုင်အေနဲ့ တွေ့ဆုံဖို့တွေ လုပ်နေတယ်။ ဒါပဲကျွန်တော်တို့သိတယ်’’ ဟု ဦးဇော် ဌေးက မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံမည့် အခြေနေနှင့်ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက် နေမှု ကို ရှင်းပြသည်။

မေလ ၁၁ ရက်က တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း က ‘ဝ’ လက်နက်ကိုင်အဖွဲ့

(UWSA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ် ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြား ပါက တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို တိုက် တွန်းခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံသို့ သဘောထားတင်ပြနိုင်သည့် ပုံစံဖြင့် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့စလုံးကို ဖိတ်ပါက တက်ရောက်မည်ဟု မစ္စတာဆွန်ကော်ရှန်းကို ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြား သည်။

တရုတ်ကိုယ်စားလှယ်က အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံနိုင်ရေး ကြားဝင် ဆောင်ရွက် နေသော်လည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက အစိုးရနှင့် တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီမတွေ့ဘဲ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီနှင့်သာ ဆွေးနွေးမည်ဟု ဆုံးဖြတ် ထားသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် တရုတ်နိုင်ငံက ဆက်လက်ကူညီမည်ဟု မေလ ၁၆ ရက်က တရုတ်သမ္မတ စီကျင်းပင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ် တရုတ် သမ္မတက ပြောကြားခဲ့သည်။

# 7 Day