၂၁ ရာစုပင်လုံ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်မည်

၂၁ ရာစုပင်လုံညီလာခံသို့ အပစ်ရပ်စာချုပ်တွင် မပါဝင်သည့် အဖွဲ့များအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး ကျန်သုံးဖွဲ့ တက်ရောက်နိုင်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၌ ပါဝင်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အပြင် NCAတွင် မပါဝင်သည့် ‘၀’၊  မိုင်းလား၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စသည့်အဖွဲ့များ တက်ရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

‘‘အခုဆိုရင် လက်မှတ်ထိုးတဲ့ အဖွဲ့ရော၊ လက်မှတ်မထိုးတဲ့အဖွဲ့ရော ၁၈ ဖွဲ့က ဒီညီလာခံကြီးကို တက်ရောက် တော့မှာ ဖြစ်ပါတယ်။လက်မှတ်မထိုးတဲ့အဖွဲ့အနေနဲ့ DPN က ခုနစ်ဖွဲ့၊ နောက်ပြီးတော့ UWSA နဲ့ မိုင်းလားပါမှာ ဖြစ် တယ်။ နာဂအဖွဲ့လည်း လေ့လာသူအဖြစ်နဲ့ တက်ရောက်မှာဖြစ်လို့ ၁၈ ဖွဲ့တောင် တက်နိုင်မှာဖြစ်တယ်’’ ဟု ဒေါက်တာဆာခေါင်းက သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံပွဲအပြီး၌ သတင်းထောက်များအား ပြောသည်။

သို့သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် တအာင်း(TNLA)၊ ကိုးကန့် (MNDAA) နှင့် AA တို့  ပင်လုံ ညီလာခံတက်ရောက်နိုင်ရေးနှင့်ပတ်သက်၍ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ ‘‘ကျန်တဲ့သုံးဖွဲ့ဟာ အစိုးရနဲ့ ဆက်ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ မကြာမီ Statement ထုတ်နိုင်ပြီးတော့ သူတို့လည်း ပါလာနိုင်ဖို့ အားလုံးဝိုင်းပြီး ကြိုးစားထားပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မကြာသေးမီက မိုင်းလားမြို့တွင် မဟာမိတ်သုံးဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် ပါဝင်နိုင်ရန် ‘‘လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင်စွန့် လွှတ်ကြောင်း’’ ကြေညာချက် ထုတ်ပြန်ရန် ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်သဘောတူညီမှု မရရှိခဲ့ပေ။

၂၁ ရာစု ပင်လုံညီလာခံတွင် အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ ခွဲခြား မှုမရှိစေရန် ညီလာခံကိုယ်စားလှယ်ဟု မသုံးနှုန်းဘဲ ညီလာခံတက်ရောက်သူများဟု သုံးနှုန်းရန် စီစဉ်ထားသည်။ ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက သဘောထားအမြင်များ တင်ပြဆွေးနွေးခွင့် ရရှိမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ကိုမူ မချမှတ်သေးဘဲ နောက်လာမည့် ညီလာခံ အစည်းအဝေးများတွင်မှ အကြောင်းအရာအလိုက် ဆုံးဖြတ်မည်ဖြစ်သည်။

# 7 Day Daily


Leave a Reply