၉၅ မော်ဒယ်အောက် ခရီးသည်တင် ယာဉ်များ ဇွန်လ ၂၀ ရက် နောက်ဆုံးထား၍ ယာဉ်အိုယာဉ်ဟောင်း အဖြစ် အပ်နှံရမည်

၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များအနေဖြင့် ဇွန်လ ၂၀ ရက် နောက်ဆုံးထား၍ ယာဉ်အို ယာဉ်ဟောင်းအဖြစ် အပ်နှံရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မေလ ၁၅ ရက်က ပြုလုပ်သည့် YBS ယာဉ်လိုင်းများနှင့် ပတ်သက်သော အစည်းအဝေးတွင် ယာဉ်လိုင်းပိုင်ရှင်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က  ပြောကြားခဲ့သည်ဟု အဆိုပါ အစည်း အဝေးသို့ တက်ရောက်ခဲ့သည့် YBS (၂၁)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်ကိုတရုတ်လေးက ပြောသည်။

‘‘၀န်ကြီးချုပ်က အဲဒီနေ့ (ဇွန်လ ၂၀ ရက်) အပြီးသတ်အပ်ဖို့ ညွှန်ကြားလိုက်တာပါ။ ဒီရက်ထဲကို တရားဝင် စာထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်’’ ဟု ကိုတရုတ်လေးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

YBS ဘတ်စ်ကားလိုင်းစနစ် စတင်စဉ်က ပြေးဆွဲခဲ့သော ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ဧပြီ ၁၆ ရက်အထိသာ ပြေးဆွဲခွင့်ပြုခဲ့သော်လည်း ယာဉ်လိုအပ်ချက်ကြောင့် ယနေ့အချိန်ထိ ခွင့်ပြု ထားသည်။

၁၉၉၅ မော်ဒယ်အောက် ယာဉ်များကို သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက စလစ်ထုတ်ပေးမှုမှ ရပ်ဆိုင်း ခြင်း၊ လုပ်ငန်းလိုင်စင်များ သိမ်းဆည်းခြင်းများကို ထိရောက်စွာ အရေးယူမည်ဟု ၀န်ကြီးချုပ်က အစည်း အဝေးတွင် ပြောကြားခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် (၆၅)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးအောင်ကျော်စိုးကပြောသည်။

၁၉၉၅ အောက် မော်ဒယ်ကားများတွင် အထူးသဖြင့် ဒိုင်နာများပါဝင်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ဘတ်စ် ကားများ ပါဝင်နေခြင်း၊ ရုပ်ဆင်းအင်္ဂါရပ်ပင် ပြည့်စုံခြင်းမရှိတော့သည့် အိုမင်းဟောင်းနွမ်းနေသော ကားများ ရှိနေ၍ ခရီးသည်များအတွက် လုံခြုံမှုမရှိတော့သဖြင့် အပ်နှံခိုင်းခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဘတ်စ်ကားအသစ်အစီးရေ ၁,၀၀၀ ၀ယ်ယူရန် တရုတ်ကုမ္ပဏီများ ဖြစ်သည့် YUTONG, ANKAI နှင့် ဧပြီ ၁၁ ရက်က စာချုပ်ချုပ်ဆို၍ ပထမသုတ်အနေဖြင့် အစီးရေ ၅၀၀ ယခုလကုန်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားသည်။

ထို့ကြောင့် ယင်းကားများရောက်ရှိလာပါက အဆင်သင့်ပြေးဆွဲနိုင်ရန် ကားအဟောင်းများကို အချိန်မီအပ်နှံ ခိုင်းခြင်းဖြစ်နိုင်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ဆိုသည်။

၁၉၉၅ မော်ဒယ်အောက် မီနီဘတ်စ်၊ ဒိုင်နာနှင့် ဘီအမ်ကားများသည် နောက်ဆုံးစာရင်းအရ စီးရေ တစ်ထောင် ကျော်ရှိ၍ ထက်ဝက်ခန့်ကို အရည်ကျိုအပ်နှံထားသည်။ # 7 Day