ရခိုင်ပြည်နယ် လွှတ်တော်တွင် ဥပဒေ (မူကြမ်း) နှစ်ခု အစီရင်ခံစာကို ဆွေးနွေး

ဒုတိယအကြိမ်၊ ရခိုင်ပြည်နယ်လွှတ်တော် (၁၁) ရက်မြောက်နေ့မှာ ပြည်နယ်အစိုးရကတင်သွင်းခဲ့တဲ့ ဥပဒေ (မူကြမ်း) နှစ်ခုဖြစ်တဲ့ (၂၀၁၈) ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ရခိုင်ပြည်နယ် ဒေသန္တရ စီမံကိန်း ဥပဒေ (မူကြမ်း) နဲ့ ရခိုင်ပြည်နယ်ရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း) နှစ်ခု အပေါ်တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်၊ လွှတ်တော် (၁၁) ရက်မြောက်ကို ဧပြီလ (၅) ရက်က ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ဆွေးနွေးမှုတွေပြုလုပ်ရာမှာ ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြည်နယ်အစိုးရနဲ့လွှတ်တော်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ထပ်နေတဲ့လုပ်ငန်းသစ်တွေ ပါရှိလာတာကို ခွင့်မပြုနိုင်ကြောင်း ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ဥပဒေ (မူကြမ်း) နှစ်ခုမှာပါရှိနေတဲ့ လုပ်ငန်းတွေမှာ ထပ်နေတာနဲ့ လျာထားတဲ့လုပ်ငန်းတွေ မပါဝင်တာ၊ လုပ်ငန်းသစ်တွေ ပါဝင်လာတာတွေရှိတဲ့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၀) ဦးက ခွင့်မပြုနိုင်တဲ့ လုပ်ငန်းတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြတာဖြစ်ပါတယ်။ ရှင်းလင်းဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်အေးသိန်းကလည်း အခုပါရှိတဲ့လုပ်ငန်းသစ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူတဲ့ လုပ်ငန်းတွေကို ခေါင်းစဉ်ပြောင်းလဲပြီး ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေသန္တရစီမံကိန်းတွေအတွက် လုပ်ငန်းဆောင်ရွက်ရာမှာ ပြည်ထောင်စုရန်ပုံငွေတွေနဲ့ ဆောင်ရွက်နေတဲ့ ဌာနတွေများပြီး ပြည်နယ်ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ဌာနဆိုင်ရာ (၂၀) ခန့်သာရှိတယ်လို့ သိရပါတယ်။ (၁၁) ရက်မြောက် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတဲ့ ဥပဒေ (မူကြမ်း) ပါ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး (၁၂) ရက်မြောက်နေ့မှာလည်း ဆွေးနွေးဆုံးဖြတ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို စစ်တွေဗျုရိုက စံနုခိုင် ပေးပို့တာ ဖြစ်ပါတယ်။