ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော် ဘားအံမြို့နှင့်ကော့ကရိတ်မြို့နယ်များမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် ယခုလ ၇ ရက်မှ ၁ဝ ရက်အထိ ကရင်ပြည်နယ် ဘားအံနှင့် ကော့ကရိတ်မြို့နယ်များသို့ သွားရောက်ပြီး ပါတီဝင်များနှင့်တွေ့ဆုံခြင်း၊ ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်သည် ယခုလ ၇ ရက်က ကရင်ပြည်နယ် ဘားအံမြို့ပါတီရုံး၌ ပြုလုပ်သော ကရင်ပြည်နယ် ပါတီပုံမှန်အစည်းအဝေးသို့ ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ၍ ပါတီဌာနချုပ်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၂/၂ဝ၁၇)မှ မှာကြားချက်များကို ပြန်လည်ရှင်းလင်းခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်သည် ယခုလ ၈ ရက်တွင် ကော့ကရိတ်မြို့နယ် ကော့ပလံကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာတော်အားဖူးမြော်၍ အလှူငွေပေးအပ်ပြီး ကပြဖျော်ဖြေသော ဒုံးယိမ်းအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ကာ ဝဲကင်းအံကျေးရွာဆရာတော်အား ဖူးမြော်ခြင်း၊ ယခုလ ၉ ရက်တွင် ကော့ကရိတ်ခရိုင်ပါတီရုံး၌ ကော့ကရိတ်ခရိုင်နှင့် မြို့နယ်ပါတီအလုပ်အမှုဆောင်များ၊ ကျေးရွာစည်းရုံးရေးမှူးများ အား လှိုင်ဝကျေးရွာဓမ္မာရုံတွင် ဆရာတော်အား ဖူးမြော်ကန်တော့၍ လှိုင်ဓမ္မာရုံအသစ် ဆောက်လုပ်ရန်အတွက် မတည်ငွေပေးအပ်ခြင်း၊ ဓမ္မစကူးလ်သင်တန်းသား ကလေးငယ်များအား အအေးတိုက်ရန် ငွေလှူဒါန်းခြင်း၊ ကော့ကရိတ်မြို့လယ် မြို့မကျောင်းကြီးတွင်ပြုလုပ်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ မြို့မ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်၍ အလှူငွေများ ပေးအပ်ခြင်း၊ ယခုလ ၁ဝ ရက်တွင် ကျုံဒိုး ဓမ္မသုခကျောင်း ဆရာတော်အားသွားရောက်ဖူးမြော်ခြင်း ကို ဆောင်ရွက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီအလုပ်အမှုဆောင်များနှင့် တွေ့ဆုံရာတွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မိမိတို့ပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာ ဝင်ရောက် ယှဉ်ပြိုင် သည့်အနက် နှစ်နေရာတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် ထပ်ခြောက်နေရာတွင် အဓိက ပြိုင်ဘက်ပါတီ အပေါ် အနိုင်ရရှိခဲ့ကြောင်း၊ အဓိကပြိုင်ဘက်ပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း အနိုင်ရရှိရာမှ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ၄၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ကြောင်း၊ ပါတီအနေဖြင့် အဆင့်ဆင့် တာဝန်ရှိသူ များမှ မိမိနှင့်အဆင့်အလိုက် ဖြစ်ပျက်နေသော အနေအထားပေါ်မူတည်ပြီး ခွန်းတုံ့ပြန် ပြောဆိုရန် လိုအပ်လာပြီ ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် နိုင်ငံပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာကြီးပွား တိုးတက် ရေးကို ဦးထိပ်ထားကြောင်း၊ ၎င်းကိစ္စ ဆောင်ရွက်နေသော အင်အားစုအားလုံးကို အားပေး၊ ဝန်းရံ၊ ထောက်ခံကြရန် လိုအပ်ကြောင်း၊ မူဝါဒ တိတိကျကျမရှိ၊ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် နိုင်ငံ၏စီးပွားရေး ထိခိုက်လာမှုကို လိုအပ်သလိုစောင့်ကြည့်ဝေဖန် ထောက်ပြရန်လိုကြောင်း၊ တိုင်းပြည်ကို မနစ်နာစေလို၍ ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး မိမိပါတီမှ အသုံးမပြုခဲ့ကြောင်းကို နားလည်ရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ Union daily