ဒုံးကျည် စမ်းသပ်ရန်ဟု ယူဆရသော ကျွန်းတုများ မြောက်ကိုရီးယား တည်ဆောက်ထား

မြောက်ကိုရီးယားသည် ပင်လယ်ဝါ ရေပြင်တွင် ကျွန်းတုများကို ဖြန့်ကျက် တည်ဆောက်ထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

 

ဂြိုဟ်တု ဓာတ်ပုံများက မြောက်ကိုရီးယား ကမ်းလွန်တွင် အနည်းဆုံး ကျွန်းတု ၅ ခုမျှကို တည်ဆောက်နေ သည်ဟု ယုံကြည်ရကြောင်း ညွှန်ပြလျက် ရှိသည်။ အဆိုပါ ကျွန်းများသည် စစ်အခြေစိုက် စခန်းများ ဖြန့်ကျက်ရန်နှင့် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားဟန် ရှိနေကြောင်း သိရသည်။

ကျွန်းတုများအနက် အချို့သည် ကျောက်ဆောင်နှင့် သန္တာကျောက်တန်းများကို အခြေတည် ချဲ့ထွင်ထားပြီး အချို့ကမူ ရာနှုန်းပြည့် လူလုပ်ကျွန်းတုများ ဖြစ်နေကြောင်း သိရသည်။ တရုတ်သည်လည်း မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် ရေပိုင်နက်ကိစ္စ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အတွင်းတွင် အလားတူ ကျွန်းတုများ တည်ဆောက်ထားသည်။

မြောက်ကိုရီးယား၏ ကျွန်းတုများမှာ အရွယ်အစားရော၊ ပုံသဏ္ဍန်ပါ ကွဲပြားမှုများ ရှိနေသည်။ ကျွန်းတုများ ပေါ်တွင် ဒုံးကျည်သယ်ယူသည့် ထရပ်ကားများသွားလာရန် အဆင်ပြေစေမည့် လမ်းကျယ်များပါ တည် ဆောက်ထားကြောင်း ဂြိုဟ်တုဓာတ်ပုံများ၌ တွေ့ရသည်။ ထို့အပြင် အပူကာအင်္ဂတေများ အသုံးပြုထား ဟန်ရှိပြီး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများအတွက် အသင့်တော်ဆုံး အခြေစိုက်ပစ်စင်များ ဖြစ်လာနိုင် ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Google Earth ဓာတ်ပုံများကို ပြန်လည်ကြည့်ရှုပါက အဆိုပါကျွန်းများ ရှိနေသည့် နေရာတွင် ထိုစဉ်က သောင်ခုံများ၊ ကျောက်ဆောင်များသာ တွေ့ရမည်ဖြစ်သည်။ မြောက်ကိုရီးယား ၏ ဒုံးကျည်တည်ဆောက်ရာ နေရာဖြစ်သည့် ဆိုဟေးကို အစွဲပြုကာ ထိုကျွန်းများကို ဆိုဟေးကျွန်းစုဟု Diplomat သတင်းဌာနက အမည်ပေးခဲ့သည်။

မြောက်ကိုရီးယားသည် ဒုံးကျည်နှင့် နျူကလီးယား နည်းပညာ အဆင့်မြှင့် စမ်းသပ်မှုများကြောင့် အမေရိကန် နှင့် ဆက်ဆံရေး အတင်းမာဆုံး အနေအထားသို့ ရောက်ရှိနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ဟုလည်း တောင် ကိုရီးယားနှင့် အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။  Ref: Diplomat