ချန်ပီယံလိဂ်ကနေ ရုပ်/သံနဲ့ ဆုကြေး ပေါင်သန်း(၆၀)ကျော် လက်စတာစီးတီး ရမယ်

ဒီရာသီချန်ပီယံလိဂ်မှာ အင်္ဂလန်အသင်းတွေထဲ ရလဒ်အကောင်းဆုံးဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ငွေခွဲတမ်း ပေါင်(၆၆)သန်းနီးပါး ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လက်စတာစီးတီးဟာ သူတို့ရဲ့ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး အက်သလက်တီကို ကို ရှုံးခဲ့လို့ ထွက်ခဲ့ရတာပါ။

ဒါပေမယ့် တခြားအင်္ဂလန်အသင်းတွေထက်စာရင် ရလဒ်ပိုကောင်းခဲ့တာကြောင့် အင်္ဂလန်အသင်းအားလုံးရဲ့ အုပ်စုအဆင့်ရုပ်/သံဝင်ငွေခွဲတမ်း (၄၀)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပေါင်(၂၂)သန်းကို ရရှိမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကွာတားဖိုင်နယ်ကို တက်ခဲ့တာကြောင့် နောက်ထပ် ပေါင်(၁၇)သန်းရမှာပါ။။

ဒါ့အပြင် ဆုကြေး ပေါင်(၁၆.၆၇)သန်းနဲ့ ပြိုင်ပွဲဝင်ကြေး(၁၀.၇၆)သန်းအသီးသီး ရဦးမှာဖြစ်လို့ လက်စတာ စီးတီးအသင်းရဲ့ ဒီရာသီချန်ပီယံလိဂ်ဝင်ငွေဟာ ပေါင်သန်း(၆၀)ကျော်သွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ယှဉ်ရင်တော့ ချန်ပီယံလိဂ်ဝင်ငွေက များစွာနည်းနေပါသေးတယ်။ ပရီးမီးယားလိဂ်မှာ တန်းဆင်း ရမယ့် ဆန်းဒါးလန်းအသင်းတောင် ပေါင်သန်း(၁၀၀)ရမယ်လို့ သိရပါတယ်။

Ref; Sky Sports