ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရိိှခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက လူဦးရေ ၃၂၀၀၀၀ နေထိုင်ရာ ဝူကောင်းမြို့ကို လော့ဒေါင်းချ

တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်ကင်းစင်မဟာဗျူဟာသည်လျော့ပါးသွားခြင်းမရှိသေးကြောင်း လက္ခဏာအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် လူဦးရေသုံးသိန်းကျော် နေထိုင်သည့် မြို့ငယ်တစ်မြို့ကို ဇူလိုင် ၁၂ ရက်တွင် အာဏာပိုင်များက လော့ဒေါင်းချခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်ကင်စင်မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးလျက်ရှိသည့် နောက်ဆုံးစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည်။ ပြည်သူတို့၏ စိတ်ပျက်ငြီးငွေ့မှုမြင့်တက်နေကာ စီးပွားရေးကို ထိခိုက်မှုဖြစ်ပေါ်စေသော်လည်း ကူးစက်မှုအသစ်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်တည်း ရုတ်တရက် လော့ဒေါင်းချခြင်း၊ ကွာရန်တင်းဝင်စေခြင်း၊ ကြီးလေးသည့် ခရီးသွားလာရေးကန့်သတ်ချက်များချမှတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ကူးစက်မှုအလွန်မြန်သော အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်ပေါ်သည့် အစုလိုက်အပြုံလိုက် ကူးစက်မှုအသစ်များကို အာဏာပိုင်များက ထိန်းချုပ်ရန် အခက်အခဲများ ကြုံနေရသည့် အနေအထားတွင် ဒေသအချို့က တာဝန်ရှိသူများသည် ကန့်သတ်ချက်အမျိုးမျိုးကို ချမှတ်လျက်ရှိသည်။

ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ခွန်းနန်ပြည်နယ်တွင် သံမဏိအဓိက ထုတ်လုပ်ရာမြို့ဖြစ်သော ဝူကောင်းကို သုံးရက်ကြာ လော့ဒေါင်းချမည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ ရောဂါတားဆီးရေး လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လော့ဒေါင်းချခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့နေလူဦီးရေ ၃၂၀၀၀၀ ကို ဇူလိုင် ၁၄ ရက်အထိ အိမ်ပြင်ထွက်ခွင့်မပြုဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဒေသခံအာဏာပိုင်များက လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဟု ဖြည့်စွက်ဖော်ပြထားသည်။

ဝူကောင်းမြို့ခံများအနေဖြင့် ခွင့်ပြုချက်မရဘဲ ကားကို အသုံးပြုနိုင်မည်မဟုတ်ဟု ဆိုသည်။ အရေးပေါ်အခြေအနေများ၌ အသိပေးအကြောင်းကြားသည့်စနစ်ဖြင့် တရားဝင်ခွင့့်ပြုချက်ရယူရမည်ဟု ဆိုသည်။

ဝူကောင်းမြို့တွင် တရုတ်နိုင်ငံ၏ အကြီးဆုံးသံမဏိကုမ္ပဏီ Wuyang Iron and Steel တည်ရှိသည်။ အဆိုပါ သံမဏိကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အခြားဥရောပစီးပွားရေးအင်အားကြီးနိုင်ငံများထံ သံမဏိများတင်ပို့နေသည်ဟု Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အနီးနား၌ လူဦးရေ ခုနစ်သန်းနေထိုင်ရာ ကျု့မာတင်းမြို့ကြိီး၌လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့သဖြင့် ယင်းမြို့ကိုလည်း သုံးရက်ကြာ လော့ဒေါင်းချမည်ဟု ဇူလိုင် ၁၂ ရက်တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ကျု့မာတင်းမြို့၌ ချမှတ်မည့်စည်းကမ်းများမှာ ဝူကောင်းမြို့လောက် ပြင်းထန်မည် မဟုတ်ဟု ဆိုသည်။ ကျု့မာတင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးရှိရာ နေရာမှလူများ အနေဖြင့်  အရေးမကြီးပါက အိမ်ပြင်မထွက်ရဟု ဆိုသည်။ မရှိမဖြစ်အရေးပါသော ပစ္စည်းများ ဝယ်ရန် နှစ်ရက် တစ်ခါ တစ်အိမ်ထောင်မှ လူတစ်ဦးအား အပြင်ထွက်ခွင့်ပြုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘားဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကာရာအိုကေဆိုင်များကို ပိတ်ခိုင်းထားပြီး စားသောက်ဆိုင်များလည်း ပါဆယ်သာ ရောင်းခွင့်ရှိသည်ဟု ဆိုသည်။   -Ref:AFP