အမေရိကန်နိုင်ငံ မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီလ ၄ ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန်နိုင်ငံ က ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပါဝင်ခဲ့သည်။

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Dujarric က ပုံမှန် သတင်းစာရှင်းလင်းပွဲ တွင် အထွေထွေအတွင်းရေးမှူးချုပ်၏ ကြေညာချက်ကို ဖတ်ကြားပေးခဲ့ပြီး ဂူတာရက်စ်အနေဖြင့် အမေရိကန် နိုင်ငံမှ ယခုကဲ့သို့သော ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ လုပ်ငန်းသဘာဝ နှင့် အရေးပါပုံကို သိကျစွာ မသိရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က လက်ရှိချိန်တွင် ကမ္ဘာ့ဒေသ အသီးသီးရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်နေပြီး အမျိုးသမီး မျိုးဆက်ပွားကျန်းမာရေးနှင့် မျိုးဆက်ပွားဆိုင်ရာ လုံခြုံရေးစသည့် လုပ်ငန်းများကို အဓိကထားဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ရန်ပုံငွေသည် ကမ္ဘာပနိုင်ငံအသီးသီးမှ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်း၊ ရန်ပုံငွေအဖွဲ့အစည်းနှင့် တစ်ဦးတစ်ယောက်ခြင်း စသည်တို့မှ မိမိသဘောအလျောက် ထောက်ပံ့လှူဒါန်းခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့အနေဖြင့် ကမ္ဘာ့ဒေသ အသီးသီးမှရရှိခဲ့သည့် လှူဒါန်းငွေမှ အမေရိကန်ဒေါ်လာ ၉၇၉ သန်းရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဧပြီလ ၃ ရက်နေ့က ၂၀၁၇ ဘတ်ဂျက်အတွင်းမှ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့သို့ လှူဒါန်းရန် လျာထားသည့် ၃၂.၅ သန်းကို ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။

(Xinhua)