ရုတ်နိုင်ငံ နှင့် ဖင်လန်နိုင်ငံ မှ ဥပဒေပြု အမတ်များ အကြား ဖလှယ်မှုများ ဆက်လက် ထိန်းသိမ်းသွားရန် ရှီကျင့်ဖိန် ပြောကြား

ဖင်လန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် ဖင်လန်နိုင်ငံ မှ ဥပဒေပြုအမတ်များအကြား ကဏ္ဍပေါင်းစုံ ဖလှယ်မှုများကို ဆက်လက် ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ ဥပဒေပြုအမတ်များ အချင်းချင်း နားလည်မှု ပိုမိုနက်ရှိုင်းလာစေရန် ဆောင်ရွက်သင့်ကြောင်း ဧပြီ ၅ရက် က ပြောကြားခဲ့သည်။

တရုတ်-ဖင်လန် နှစ်နိုင်ငံ ဥပဒေပြုအမတ်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း ရှီ က ဖင်လန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Maria Lohela နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရှီ က ဖင်လန်နိုင်ငံ လွှတ်တော်သည် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် ပထမဆုံး ရင်းနှီးချစ်ကြည်မှု ဖလှယ်ခဲ့သော အနောက်တိုင်း လွှတ်တော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်နိုင်ငံ ဥပဒေပြုအမတ်များ အကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေရန် Lohela၏ တက်ကြွစွာ ပါဝင် လုပ်ဆောင်မှုကိုလည်း ၎င်းအနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ရှီ က နှစ်နိုင်ငံ ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်မှု တိုးတက်လာစေရန် ဒေသဆိုင်ရာ ဆက်သွယ်ရေး နှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းက တရုတ်-ဥရောပမြောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဖင်လန်၊ တရုတ်-ဥရောပ ဆက်ဆံရေးများအတွက် အရေးကြီးသည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်ကြောင်း နှင့် ဖင်လန်နိုင်ငံအနေဖြင့်လည်း တရုတ်-ဥရောပမြောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ပြီး အဆင့် မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ Xinhua news