ပါတီအောင်နိုင်ရေး ကွင်းဆင်းစည်းရုံးဆောင်ရွက်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ အောင်မြင်မှု ရရှိနိုင်ရေးအတွက် အောင်နိုင်ရေးလုပ်ငန်းများကို ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်ပါတီ အဆင့်ဆင့်၏ လမ်းညွှန်မှု ကိုခံယူလျက် မြို့နယ်အောင်နိုင် ရေးကော်မတီမှဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီဝင်များက ယခုလ ၁ ရက်မှစတင်ကာ မဲဆန္ဒရှင် ပြည်သူများအား တွေ့ဆုံ၍ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါတီ၏မူဝါဒသဘောထားများအား ရှင်းလင်း ဆွေးနွေးခြင်း၊ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခုလ ၁၈ ရက် နံနက် ၈ နာရီခွဲမှစတင်ကာ အောင်နိုင်ရေးယာဉ်ဖြင့် လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးနေလင်းက မဲဆန္ဒနယ်မြေများဖြစ်သည့် အမှတ် (၁၊၂၊၃၊၄၊၅၊၆၊၅၂) ရပ်ကွက် များသို့ သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အောင်နိုင်ရေး ဟောပြောမှုများကို ဆောင်ရွက်ခဲ့သည်။

အောင်နိုင်ရေးဆောင်ရွက်ရာတွင် ရန်ကုန်(အရှေ့ပိုင်း) ခရိုင်ပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူး (နယ်မြေတာဝန်ခံ) ဒေါ်အေးအေးမြင့်၊ မြို့နယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီဝင်များ အင်အား ၄ဝ ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယူဒီနေ