ကုလလုံခြုံရေးကောင်စီ၏ မြန်မာအပေါ် ကြေညာချက် တရုတ်နှင့် ရုရှားကန့်ကွက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ကြေညာချက်ကို တရုတ် နှင့် ရုရှားနိုင်ငံတို့က မတ်လ ၁၇ရက်တွင် ကန့်ကွက်တားဆီးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစစ်ဆင်ရေးဆောင်ရွက်နေသော ရခိုင်ပြည်နယ်၏ အခြေအနေ ကိုဆွေးနွေးရန် အဖွဲ့ဝင်  ၁၅ နိုင်ငံပါရှိသည့် ကုလလုံခြုံရေးကောင်စီက မတ် လ ၁၇ ရက်တွင် တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီးနောက် ကြေညာချက်ထုတ်မည့်အပေါ် ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော ထိုနှစ်နိုင်ငံက ကန့်ကွက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆွေးနွေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုပန်ကြားခဲ့ပြီး ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရီဖဲ့လ်တ်မန်းက အောက်တိုဘာ ၉ ရက်နောက်ပိုင်း ရခိုင် ပြည်နယ်အခြေအနေများကို လုံခြုံရေးကောင်စီထံ ရှင်းလင်းတင်ပြခဲ့သည်။ ကောင်စီကြေညာချက် ထုတ်ပြန် ရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ဘုံသဘောတူညီချက်ရ ရှိရန်လိုအပ်ပြီး ရုရှား၏ ကျောထောက် နောက်ခံမှုဖြင့် မြန်မာ့အိမ်နီးချင်း တရုတ်က ကြေညာချက်ကို တားဆီးခဲ့သည်ဟု သံတမန်များက ပြောသည်။

တိုတောင်းသော သတင်းထုတ်ပြန်ကြေညာချက်မူကြမ်း၌ မြန်မာနိုင်ငံဒေသအချို့တွင် ပြန်လည်ဖြစ်ပွားနေ သော တိုက်ပွဲများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အလေးပေးဖော်ပြထားပြီး ပဋိပက္ခဒဏ်သက်ရောက်ခဲ့ သော ဒေသအားလုံးသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများဝင်ရောက်ပေးခွင့်ရရေး အရေး ကြီးကြောင်း အသားပေးထားသည်ဟုဆိုသည်။

‘‘ဒါကတော့တရုတ်နဲ့ ရုရှား ရဲ့ Position ပါပဲ’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

မြန်မာအနေဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ တရုတ်၊ ရုရှားတို့ နှင့်  ဆွေးနွေးသဘောတူညီချက် ယူထားမှု အခြေအနေကို မေးမြန်းရာ လောလောဆယ်တွင် ပြောရန်မရှိသေးဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သော ဦးဇော်ဌေးက ပြောသည်။

တရုတ်နှင့် ရုရှားတို့သည် ၂၀၀၇ ကလည်း လုံခြုံရေးကောင်စီ၏ မြန်မာဆိုင်ရာဆုံးဖြတ်ချက်ကို ဗီတို အာဏာသုံး၍ ကန့်ကွက်ပယ်ချခဲ့ဖူးသည်။ ထိုအချိန်က စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံရှိ နိုင်ငံရေး ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရန် တောင်းဆိုသော ဆုံးဖြတ်ချက်တစ်စောင်ကို ကုလသမဂ္ဂက တင်သွင်းခဲ့သည့်အပေါ် လုံခြုံရေးကောင်စီ၌ ထိုနှစ်နိုင်ငံက ဗီတိုအာဏာသုံးကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ကုလဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးကျော် တင့်ဆွေ (လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး)သည် ကောင်စီ၌ ကန့် ကွက်မဲပေးခဲ့သော တရုတ်၊ ရုရှားနှင့် တောင်အာဖရိက၊ ကြားနေမဲပေးခဲ့သော အင်ဒိုနီးရှား၊ ကာတာနှင့် ကွန်ဂိုနိုင်ငံတို့ကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

ယခု ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် လူ့အခွင့်အရေးကောင်စီညီလာခံ ကျင်းပလျက်ရှိသည်။ ဘင်္ဂါလီ (မူရင်းအသုံးအနှုန်းတွင် ရိုဟင်ဂျာ) များအပေါ် တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲ ချက်များကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ဖွဲ့ မြန်မာနိုင်ငံသို့ အလျင် အမြန် စေလွှတ်ရန် ကုလလူ့အခွင့်အရေးကောင်စီ၏ မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်း တောင်းဆိုထားသည်။

ယင်းမူကြမ်းကို ဥရောပသမဂ္ဂက ဦးဆောင်ရေးဆွဲထားပြီး မတ်လ ၁၆ရက်တွင် တင်ပြခဲ့သည်။ မတ်လ ၂၃ရက် (သို့မဟုတ်) ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်ညီလာခံ အပြီးသတ်နေ့ မတ်လ ၂၄ရက် တွင် အပြီးသတ် ဆုံးဖြတ်ချက်ချ ရန်ရှိနေသည်။ အကယ်၍ မူကြမ်းကို အတည်ပြုဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာစုံ စမ်းစစ်ဆေးရေးအဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စေလွှတ်ရ မည်ဖြစ်သည်။

# 7 Day Daily