ယခုနှစ်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှည့်ကျ ဓာတ်အားဖြတ်တောက်မည်

၂၀၁၇ ခုနှစ် နွေရာသီ ဧပြီ၊ မေ၊ ဇွန်လ ပူပြင်းလာသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ လျှပ်စစ် ဓာတ်အားကို တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အလှည့်ကျ ဓာတ်အားဖြတ်တောက် မည့်အစီအစဉ်များ ကို စီမံထားရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မတ် ၁၆ ရက် နံနက်က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “”အခုနွေရာသီတော့မရောက် သေးဘူး။ ကျွန်တော်တို့မှာရှိနေတဲ့ ဂက်စ်တာဘိုင်တွေနဲ့ ဗေ့စ်လုပ်ကို များများရ သလောက်မောင်းမယ်။ အဲ ဒီလိုမောင်းပြီးတော့မှ ရေလှောင်တမံတွေမှာရှိနေတဲ့ ရေတွေကိုစုဆောင်းမယ်။ အဲဒီလိုစုဆောင်းထားမှ သာလျှင် လာမယ့် ပူပြင်းရာသီ ဧပြီ၊ မေ၊ ဇွန်လမှာ လျှပ်စစ်ထုတ် သုံးမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ထပ်ပြီး တိုးလာမယ့်ဟာကို ရေအားကနေ တိုးထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာတော့ ဂက်စ်ကို ရနိုင်သလောက် ဗေ့စ်လုပ်ကို ရသလောက်မြင့်မြင့်နဲ့ မောင်းပြီး လျှပ်စစ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက လျှပ်စစ်ချွေတာတဲ့နည်းပေါ့။ ချွေတာတဲ့နည်းဆိုတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဒီမြို့တွေမှာ ညဘက်ဆိုရင် လမ်းမီးတွေက ထိန်နေတာပဲ။ အဲဒါတွေကိုလည်း သက်ဆိုင်ရာစည်ပင်သာယာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပြီးတော့ လုံခြုံရေးအရ လုံလောက်တဲ့ အလင်းရောင်ရအောင် ညှိနှိုင်းပြီး လမ်းမီး တွေကို ချွေတာတဲ့နည်း လုပ်ပါမယ်။ ဒါကလည်း မဂ္ဂါဝပ် ၂၀ လောက်တိုး ပြီးထွက်လာမှာဖြစ်ပါတယ်။ လာမယ့် နွေရာသီ ဧပြီ၊ မေလတွေမှာ ဒီလမ်းမီးလျှော့ချတဲ့ ၂၀ မဂ္ဂါဝပ်လောက်နဲ့ မလုံလောက်ပါဘူး။ နွေရာသီ ဧပြီ၊ မေ၊ ဇွန်လတွေမှာ ပူပြင်းလာတဲ့အတွက်ကြောင့် နောက်ထပ်မဂ္ဂါဝပ် ၆၀ လောက်လိုတာကို အလှည့်ကျတော့ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပါတယ်။ ဒါကိုလည်း စီမံထားရှိတဲ့အပိုင်းကို ပြောချင် ပါတယ်”” ဟု ပြောသည်။

၂၀၁၇ခုနှစ် နွေရာသီတွင်အမြင့်ဆုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်မှုအရ ၃၁၀ဝ မဂ္ဂါဝပ်ခန့်ရှိနိုင်မည်ဟု ခန့်မှန်းထားရှိပြီး အမှန်တကယ် ဓာတ်အားထုတ်လုပ်မှုသည် ၂၈၅၆ မဂ္ဂါဝပ်သာဖြစ်၍ ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက် ၂၄၄ မဂ္ဂါဝပ်ခန့် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း နွေရာသီ ပူပြင်းရာသီ ဧပြီ၊ မေ၊ ဇွန်လများ၌ ဝန်အားအများဆုံး သုံးစွဲသည့်အချိန်တွင် အချိန်ပိုင်းအလိုက် အလှည့်ကျ ဝန်အားလျှော့ချခြင်း၊ နိုင်ငံပိုင်စက်ရုံ များအား ရပ်တန့်ခြင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်သံမဏိနှင့် သံရည်ကျိုစက်ရုံများ၏ ထုတ်လုပ်မှုကို ရပ်တန့်လျှော့ချခြင်း နှင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများအား ဝန်အားအများဆုံးသုံးစွဲချိန်တွင် အသုံးပြုခြင်းမရှိဘဲ ညဥ့်နက်ပိုင်း အချိန်တွင်သာ အသုံးပြုခြင်းဖြင့် မဂ္ဂါဝပ် ၁၀ဝ ခန့် သုံးစွဲမှုလျှော့ချခြင်း ဓာတ်အားလျှော့ ချမှုနည်းလမ်းများ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။ #Democracytoday