ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေလဆန်းတွင် ပြုလုပ်ရန် လျာထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေလဆန်းတွင် ပြုလုပ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးက လျာထားဆွေးနွေးကြောင်း သတင်းရရှိသည်။

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးအပြီးတွင် လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ချက် များကို သုံးသပ်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စ၊ ညီလာခံကျင်းပရေးကိစ္စများနှင့် ပတ်သက်၍ UPDJC ၏ အတွင်းရေးမှူးများသည် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မတ် ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နောက်တစ်ကြိမ် ထပ်မံပြုလုပ်မည့် လုပ်ငန်းကော်မတီများ အစည်းအဝေးကို ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ လည်းကောင်း၊ UPDJC အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးကို ဧပြီ ၂၈ ရက်မှ ၃၀ ရက်အထိ လည်းကောင်း လျာထားကြောင်း ၎င်းကဆိုသည်။

မူလက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ရန် ရည်မှန်းသတ်မှတ်ခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့ ပါဝင် လာခြင်းကို စောင့်ဆိုင်းခြင်း၊ အချို့ကိစ္စများ မပြီးပြတ်သေးခြင်းကြောင့် ညီလာခံအား မတ်လအတွင်းသို့ ရွှေ့ဆိုင်းထားခဲ့သည်။

ထိုသို့ ရွှေ့ဆိုင်းခဲ့သော်လည်း NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၆) ကြိမ်မြောက် ကွန်ဂရက်သည် မတ် ၁၄ ရက်မှ စတင်ကာ ပြုလုပ်ရန်ရှိနေသဖြင့် ညီလာခံ ကျင်းပမည့်ရက်နှင့် KNU ကွန်ဂရက်တိုက်ဆိုင်နေပါက KNU ခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ရန် အခက်အခဲရှိကြောင်း ပြောကြားမှုရှိခဲ့သည်။

ထို့ကြောင့် ညီလာခံကျင်းပမည့်ရက်အား အတည်မပြုနိုင်သေးဘဲ ပြန်လည် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း UPDJC တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်တိုင်းရင်းသားများ၊ ပအိုဝ်းတိုင်းရင်းသားများနှင့် ချင်း တိုင်းရင်းသားများက ဦးစွာကျင်းပထားပြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် လည်းကောင်း၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နေပြည်တော်တွင် လည်းကောင်း ကျင်းပထားပြီးဖြစ်သည်။

# Eleven