ဘဏ်ချေးငွေ အတိုးနှုန်း ပြောင်းလဲရန် ဗဟိုဘဏ်စီစဉ်

ချေးငွေအမျိုးအစားပေါ်မူတည်၍ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေအတိုးနှုန်း ကောက်ခံမှုကို ပြောင်းလဲရန် စီစဉ် နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ပုဂ္ဂလိကဘဏ်များ၏ ချေးငွေပေးခြင်းနှင့်ပတ်သက်ပြီး အပေါင်ပစ္စည်းရှိမှ ငွေချေးရမည်ဟူသော ကန့်သတ်ချက်မျိုး မထားရှိဘဲ ဘဏ်များ၏ ယုံကြည်စိတ်ချရမှုအပေါ်မူတည်၍ ချေးငွေအပေါ် စီမံခန့်ခွဲခွင့်ပေးထားကြောင်း ဗဟိုဘဏ် ထံမှ သိရသည်။

အချို့သောလုပ်ငန်းများကို ပုဂ္ဂလိကဘဏ်များက အပေါင်မယူဘဲ ငွေချေးခွင့်ပေးရန် စီစဉ်ထားပြီး အတိုးနှုန်း ကိုလည်း လက်ရှိကောက်ခံနေသည့် နှုန်းထားထက်ကျော်၍ တိုးကောက်ရန် အစီအစဉ်ရှိကြောင်း၊ အတိုးနှုန်းကို စဉ်းစားသည့်အခါ ပြန်မဆပ်နိုင်သည့် အခြေအနေများ ဖြစ်နိုင်ပြီး ပြည်တွင်းဘဏ်များ မယိမ်းယိုင်စေရန်အတွက် ယင်းကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“စီမံဘဏ္ဍာဝန်ကြီးက ဘဏ်တိုးနှုန်း လျှော့ကောက်ဖို့ကိစ္စ ပြောထားတာရှိတယ်။ အမှန်တော့ ဒီကိစ္စက မဖြစ်နိုင် ဘူး။ အတိုးနှုန်းလျှော့ဖို့ အစီအစဉ်မရှိဘူး။ အခု ဆောင်ရွက်နေတာက လယ်ယာကဏ္ဍနဲ့  SMEs တွေကို အပေါင်မဲ့ ငွေချေးခွင့်ပေးမယ်။ အတိုးနှုန်းကတော့ ၁၃ ရာခိုင်နှုန်းကျော်ပြီးလုပ်မှရမယ့် အနေအထားဖြစ်နေတယ်။ ဒါက အတည်တော့ မထွက်သေးဘူး။ ညှိရဦးမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ချေးငွေကဏ္ဍကို ကြည့်သည့်အခါ အစိုးရပိုင်ဘဏ်များဖြစ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် အသေးစား၊ အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှ ငွေထုတ်ချေးရာတွင် နှစ်စဉ်ပြန်မဆပ်နိုင် သည့်ရာခိုင်နှုန်းမှာ များပြားသောကြောင့် ပုဂ္ဂလိကဘဏ်များအနေနှင့် လယ်ယာကဏ္ဍနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများကို ငွေထုတ်ချေးရန်မှာ ခက်ခဲနိုင်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အကြံပေးအရာရှိ ဦးသန်းလွင် က ပြောကြားသည်။

“တချို့လုပ်ငန်းရှင်တွေက ပြောကြတယ်။ နိုင်ငံခြားဘဏ်တွေကို ငွေချေးခွင့်ပေးရင် အတိုးနှုန်း သက်သာမယ်ဆိုပြီး တော့ပေါ့။ အမှန်က သူတို့လည်းမသက်သာနိုင်ဘူး။ ဘဏ်ကို Impact ဖြစ်လာမယ့် Risk တွေကို မရှောင်တဲ့ဘဏ် တစ်ဘဏ်မှမရှိဘူး။ ငွေလဲနှုန်းမငြိမ်တာ ခရက်ဒစ်ဗျူရိုမရှိတာ။ အဲဒါတွေကြောင့် အတိုးနှုန်းကလျှော့ဖို့ မဖြစ်နိုင် ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေနှင့် ချေးငွေအပေါ်တွင် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းထက် မကျော်ရန် ကန့်သတ် ထားပြီး ယင်းကန့်သတ်ချက်ကို ဖြေလျှော့ရန် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု သိရသည်။

# The Voice