TAG Heuer ရဲ့ Android Wear 2.0 စမတ်နာရီကို မတ်လတွင် တွေ့မြင်ရဖွယ်ရှိ

ကုမ္ပဏီအနေနဲ့ Connected စမတ်နာရီသစ်ကို ၂၀၁၇ မေလအတွင်း ဖြန့်ချိသွားဖို့ စီစဉ်ထားတယ်လို့ TAG Heuer အမှုဆောင် အရာရှိချုပ် Jean-Claude Biver က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပေမယ့် ဒုတိယ မျိုးဆက် Connected စမတ်နာရီကို မတ်လမှာ တွေ့မြင်ရမယ်လို့ Android Central က ဖော်ပြလိုက်ပါတယ်။

 

TAG Heuer Connected Modular စမတ်နာရီကို မတ်လ ၁၄ ရက်မှာ ဖြန့်ချိမှာဖြစ်တယ်လို့ အဲ့ဒီ အကြောင်းကိုသိရှိသူ ရင်းမြစ်များက Android Central ထံ ပြောကြားခဲ့ပါတယ်။ ဒီစမတ်နာရီမှာ Google ရဲ့ နောက်ဆုံးပေါ် Android Wear 2.0 platform ကို အသုံးပြုထားပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ဒီဇိုင်းနဲ့ ဖန်တီး ထားတယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေက လက်ပတ်ကြိုးနဲ့ ချိတ်တွေကို နှစ်သက်ရာရွေးချယ်ပြီး စိတ်ကြိုက် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် custom automatic watch head module ပါဝင်တာကြောင့် စမတ်နာရီကို Android Wear 2.0 နဲ့ သမားရိုးကျ နာရီပုံစံအကြား ပြောင်းလဲအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ TAG Heuer ရဲ့ပထမဆုံး Connected စမတ်နာရီဟာ အောင်မြင်မှုရရှိခဲ့ပြီး ကုမ္ပဏီက ကနဦးခန့်မှန်းထားတဲ့ အလုံးရေ ၂၀,၀၀၀ ထက်ကျော်လွန်ပြီး တင်ပို့ရောင်းချခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒုတိယမျိုးဆက် Connected စမတ်နာရီကို အလုံးရေ ၁၅၀,၀၀၀ အထိ တင်ပို့နိုင်ဖို့ TAG Heuer က ရည်မှန်းထားပါတယ်။ ပထမမျိုးဆက် စမတ်နာရီကို ကုမ္ပဏီက ဒေါ်လာ ၁,၅၀၀ နဲ့ ရောင်းချခဲ့တာကြောင့် ဒုတိယမျိုးဆက် Connected Modular ကလည်း ဈေးသက်သာဖွယ်မရှိဘူးလို့ သိရပါ တယ်။  Ref: AndroidCentral